ကူးစက်ရောဂါ ဖြစ်ပွားခဲ့သော လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တပ်မတော်လေယာဉ်ဖြင့် စားသောက်ကုန် ပစ္စည်းများ ဒုတိယအကြိမ်ပို့ဆောင်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဇူလိုင်လ နှင့် သြဂုတ်လအတွင်းက ကူးစက်ရောဂါများ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူများ အတွက် အရေးပေါ် လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာများနှင့် အာဟာရ ဖြည့်စွက်စာများကို အလျင်အမြန် ထောက်ပံ့ပေးနိုင်ရန် တပ်မတော်မှ လေယာဉ်များ ၊ ရဟတ်ယာဉ်များ ဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးပို့သည့် ဆန်အိတ် ၁၀၄ အိတ် ၊ ဆီ ၂၀ ပုံး ၊ ကုလားပဲ ၂၀ အိတ် ၊ ငါးသေတ္တာ ၃၃၀၀ ဘူး ၊ အိုင်အိုဒင်းဆား သုံးအိတ် နှင့် ခြင်ထောင်အထည် ၅၀၀ တို့ကို မင်္ဂလာဒုံလေတပ် စခန်း ဌာနချုပ်မှ တပ်မတော် လေယာဉ်ဖြင့် ဒုတိယအကြိမ် ပို့ဆောင်ပေးသည်။

“ကူးစက်ရောဂါ ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေက လမ်းပန်းဆက်သွယ်မှု ခက်ခဲကြမ်းတမ်းတဲ့ ဒေသတွေ ဖြစ်တဲ့ အတွက် တပ်မတော်ရဲ့ အကူအညီမပါဘဲ ဘယ်လိုမှ သွားရောက် ထောက်ပံ့လို့မရပါဘူး၊ အခုပို့မယ့် လဟယ် ဆိုတာ နာဂတောင်တန်း ဒေသက လမ်းပန်း ဆက်သွယ်မှု ကြမ်းတမ်းတော့ ကျွန်တော်တို့အနေနဲ့ လဟယ်မပြောနဲ့ ဟုမ္မလင်းထိတောင် ပို့ဆောင်ဖို့ မလွယ်ပါဘူး၊ ဒါပေမဲ့ တပ်မတော်က ဟုမ္မလင်းထိကို တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်ပေးတယ်၊ ဟုမ္မလင်းရောက်တဲ့အခါမှာလည်း ရဟတ်ယာဉ်နဲ့ တပ်မတော်သားတွေက အသင့်စောင့် ဆိုင်းပြီး သယ်ဆောင်ပေးတဲ့အတွက် အတော်လေး လုပ်ငန်းအဆင်ပြေပြီး သယ်ဆောင်ပေးတဲ့အတွက် အတော်လေး လုပ်ငန်းအဆင်ပြေပြီး အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေဆီ အလျင်အမြန် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်၊ လဟယ်မှာလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒုညွှန်ချုပ်နှင့် အဖွဲ့ကလည်း နာဂဦးစီးအဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကျေးရွာတွေကို ပို့ဆောင်ပေးမှာပါ။ ကူးစက်ရောဂါဖြစ်ပွားတဲ့ ကျေးရွာ ၁၅ ရွာမှာ လူသေဆုံးမှု ဖြစ်ပွားတဲ့ ကျေးရွာက ၉ ရွာ၊ အဆိုးဝါးဆုံး ဖြစ်တဲ့ကျေးရွာ ၂ ရွာကိုလည်း ပို့ဆောင်နိုင်ဖို့ နာဂဦးစီးအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ် ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေ က ပြောကြားခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ယမန်နေ့တွင် ဟုမ္မလင်းမြို့သို့ တပ်မတော်လေယာဉ်ဖြင့်လည်းကောင်း၊ ၎င်းမှ တစ်ဆင့် ခန္တီးမြို့သို့ ရဟတ်ယာဉ်ဖြင့်လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် လဟယ်မြို့သို့ ဆက်လက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်


Leave a Reply