တောင်ဆူဒန်ဒုက္ခသည်အမြောက်အမြား ယူဂန်ဒါနိုင်ငံသို့ ဝင်ရောက်လာ
တောင်ဆူဒန်နိုင်ငံမှ တိုက်ခိုက်မှုများ၊ စစ်သားစုဆောင်းမှု၊ ငတ်မွတ်ခေါင်းပါးမှု နှင့် မုဒိမ်းမှုများမှ ထွက်ပြေးလာသူ အမြောက်အမြားရောက်ရှိလာခဲ့သဖြင့် ယူဂန်ဒါ နိုင်ငံရှိ ဒုက္ခသည် နှစ်သိန်းအတွက် စားနပ်ရိက္ခာဝေစုကို ထက်ဝက် လျှော့ချသွားရန် ကုလသမဂ္ဂက စီစဉ်နေသည်ဟု ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ပြောကြားသည်။
ယူဂန်ဒါနိုင်ငံသည် တောင်ဆူဒန် စစ်ပြေးဒုက္ခသည် ၃၁၀,၀၀၀ နီးပါးကို လက်ခံထား ပြီး ယင်းတွင် ဇူလိုင် ၇ ရက်က တောင်ဆူဒန်သမ္မတ ကီယာနှင့် ဒုတိယ သမ္မတဟောင်း ရီးယက်မေချာတို့၏ သစ္စာခံတပ်ဖွဲ့များကြား တိုက်ပွဲများ ထပ်မံဖြစ်ပွား၍ ထွက်ပြေးလာသူ လူ ၇၀,၀၀၀ လည်း ပါဝင်သည်။
‘‘ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို ဆွဲဆန့်နိုင်ဖို့နဲ့ လူသစ်တွေကို ဦးစားပေးဖို့ ယူဂန်ဒါနိုင်ငံ က ဒုက္ခသည်အများအပြား အတွက် စားနပ်ရိက္ခာအကူအညီ လျှော့ချရုံကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး’’ဟု WFP ၏ ယူဂန်ဒါနိုင်ငံဆိုင်ရာ ဒါရိုက်တာ မိုက် ဆက်ကက်က ထုတ်ပြန်ပြောကြားသည်။
၂၀၁၅ ဇူလိုင် ၁၅ ရက် နောက်ပိုင်း ယူဂန်ဒါသို့ ရောက်ရှိလာသူများ၊ အခြေအနေဆိုးသူများ၊ အဟာရချို့တဲ့ နေသူများအနေဖြင့် စားနပ်ရိက္ခာဝေစု အပြည့် အ၀ ဆက်လက်ရရှိမည်ဟု WFP က ပြောသည်။
၂၀၁၅ ဇူလိုင်မတိုင်မီ ယူဂန်ဒါသို့ ရောက်ရှိခဲ့သော တောင်ဆူဒန်နှင့် ကွန်ဂိုနိုင်ငံမှ ဒုက္ခသည်နှစ်သိန်းခန့်တို့သည် စားနပ်ရိက္ခာ ပြတ်တောက်မှု ရင်ဆိုင်ရမည်ဟု WFP က ပြောသည်။
ဒုက္ခသည်များအား နှစ်ကုန် အထိ ရိက္ခာအပြည့်ပေးရေး ကန် ဒေါ်လာ သန်း ၂၀ ထပ်မံလိုအပ် နေကြောင်း သိရသည်။
—Ref: Reuters