လုံခြုံရေးတိုးမြှင့်ထား၍ ထိုင်းရောက်မြန်မာများ အထူးသတိပြုရန် မြန်မာသံရုံးထုတ်ပြန်

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း လူထုဆန္ဒခံယူပွဲပြုလုပ်မည့်ရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားမည် ဖြစ်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အထူးသတိပြု နေထိုင်သွားလာရန်နှင့် ခရီးသွားရန်ရှိပါက စာရွက် စာတမ်း အထောက်အထားအပြည့်အစုံယူသွားပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဖုန်းဆက်၍ အကူအညီ တောင်းခံနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

‘သြဂုတ် ၇ ရက်တွင် ထိုင်းနိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း လူထုဆန္ဒခံယူပွဲပြုလုပ်မည်ဖြစ်၍ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ လုပ်သားများအား ထိုင်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပါက အသာတကြည်စစ်ဆေးမှုခံယူကြရန် တိုက်တွန်းနှိုးဆော် အပ်သည်’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သြဂုတ် ၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

‘‘ဆန္ဒခံယူပွဲလုပ်မှာက တစ်ရက်တည်းပါ။ ဒါပေမဲ့ အဲဒီရက်ပိုင်းတွေမှာ သတိထားနေကြဖို့ပေါ့။ တတ်နိုင်ရင် အပြင် မထွက်ကြဖို့ပေါ့။ အပြင်ထွက်မယ်ဆိုရင်လည်း စာရွက်စာတမ်းတွေ အပြည့်အစုံယူသွားကြဖို့ သတိပေးတာပါ။ ပြဿနာဖြစ်ခဲ့ရင်လည်း သံရုံးကိုဖုန်းဆက်ပြီး အကူအညီတောင်းကြပါ’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင်က ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတစ်ဝန်း၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံသားများ ရာနှင့်ချီ ဖမ်းဆီးခံရကြောင်း သတင်းရရှိ သည်။ စက်ရုံ၊ အလုပ်ရုံများအပြင် ဈေးများနှင့် ကုန်တိုက်များအထိပါ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေ၍ မြန်မာ လုပ်သားအများစုလုပ်ကိုင်သော ဈေးဆိုင်များ ပိတ်သိမ်းထားရကြောင်း ထိုင်းရောက်မြန်မာများက ပြောကြား သည်။

‘‘ထိုင်းရဲတွေက အဲဒီလိုမျိုးပွဲကြီးတွေလုပ်တော့မယ်ဆိုရင် မြန်မာလုပ်သားတွေကို လုံခြုံရေးကြောင့်ဆိုပြီး ဖမ်းတတ် တာ သူတို့အကျင့်ပဲ။ ဒီဆန္ဒခံယူပွဲမှာလည်း ပြဿနာရှိလာနိုင်တယ်။ ဒီလိုမျိုး ကြေညာချက်ထုတ်ပေးတာ အရမ်း ကောင်းပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

7 Day Daily


Leave a Reply