လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ကျင်းပချိန်တွင် တက်ကြွစွာပါ ဝင်ဆွေးနွေးရန်နှင့် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူလူထုက မျှော်လင့်ကြောင်း PACE အဖွဲ့ ထုတ်ပြန်
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကျင်းပချိန်တွင် တက်ကြွစွာ ပါဝင်ဆွေးနွေးရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်ကြိုးပမ်းမှုသည် အရေးကြီးသည် ဟု ပြည်သူလူထုက မျှော်လင့်ကြောင်း PACE အဖွဲ့က ထုတ်ပြန်သည့် ရွေးကောက်ပွဲအလွန်ကာလ စစ်တမ်းတွင် ဖော်ပြထားသည်။
ယခုနှစ်မေလအတွင်း ကောက်ယူခဲ့သည့် ရွေးကောက်ပွဲအပေါ် လူထုသဘောထားအမြင်နှင့် အစိုးရသစ်အပေါ် မျှော်မှန်းချက်များ အစီရင်ခံစာကို ဇူလိုင် (၂၆) ရက်တွင် PACE အဖွဲ့မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အများပြည်သူမှ မျှော်လင့်ချက်နှင့်ပတ်သက်ပြီး လွှတ်တော်ကျင်းပချိန်တွင် တက်ကြွစွာ ပါဝင် ဆွေးနွေးခြင်းမှာ အရေးကြီးဆုံးဟု ဖြေဆိုသူပေါင်းမှာ အများဆုံး ဖြစ်ပြီး မိမိမဲဆန္ဒနယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဖြေဆိုသူများ ဒုတိယအများဆုံးဖြစ်ကာ မဲဆန္ဒရှင်များနှင့်တွေ့ဆုံကာ အသံများနားထောင်ပေးစေလိုကြောင်း ၁၄ ရာခိုင်နှုန်းက ဖြေကြားခဲ့ပြီး တတိယ အများဆုံးဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေသစ်တင်သွင်းရန် ပြည်သူလူထုမှမျှော်မှန်းကြောင်း ဖြေကြားမှုသည် ၁၁ ရာခိုင်နှုန်းသာရှိပြီး စတုတ္ထ အများဆုံး နေရာတွင်သာ ရှိကြောင်းသိရသည်။ PACE အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ”လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍနဲ့ လုပ်ငန်း ဆောင်တာ တွေကို ပြည်သူလူထုရဲ့သိရှိမှုက အရမ်းနည်းတာကို တွေ့ရှိရတယ်။ ကျွန်တော်တို့ရဲ့တွေ့ရှိမှုအရ အရပ်ဘက် လူ့အဖွဲ့အစည်း အနေနဲ့ရော၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ရော ပြည်သူလူထုဆီကို ထိတွေ့မှု ပိုများများလုပ်ဖို့လိုတယ်။ လုပ်တဲ့အခါမှာ သူတို့ရဲ့တာဝန်တွေကတော့ ဘာတွေဖြစ်ပါတယ်။ ဘာတွေကတော့ အစိုးရရဲ့တာဝန်၊ သူတို့ရဲ့ တာဝန်က ဘာဖြစ်တယ်ဆိုတာကို ခွဲခြားပြီးမြင်နိုင်လေ ပြည်သူလူထုအနေနဲ့ ဒီကိစ္စဆိုရင် ဘယ်သူ့ကို ချဉ်းကပ် ရမယ်ဆိုတာကို ပိုပြီးထင်ထင်ရှားရှား သိနိုင်မယ်။ လွှတ်တော်ပညာပေးလုပ်ငန်းတွေကို ဒီထက်ပိုပြီးကျယ် ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျလုပ်သင့်တယ်လို့အကြံပြုချင်တယ်” ဟု ပြောကြားခဲ့သည်။
PACE အဖွဲ့မှ ကောက်ယူသည့်စစ်တမ်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ရပ်ကွက်ကျေးရွာပေါင်း ၁၈၇ ခုရှိ စစ်တမ်းဖြေဆိုသူ ၁၈၁၄ ဦးကို မေလ အတွင်းက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။