ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အောက်တိုဘာမှစတင်ကာ လစာခံစားခွင့်ရမည်

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ (၁) ရက်မှစတင်ကာ လစာ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲအဆင့်တွင် ဥက္ကဋ္ဌ ကျပ် သုံးသိန်းလေးသောင်း၊ အဖွဲ့ဝင်သည် ကျပ်သုံးသိန်း တစ်သောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသနှင့်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်တွင် ဥက္ကဋ္ဌသည် ကျပ်သုံးသိန်းတစ်သောင်း၊ အဖွဲ့ဝင်သည် ကျပ်နှစ် သိန်းရှစ်သောင်း၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌသည် ကျပ် နှစ်သိန်းရှစ်သောင်း၊ အဖွဲ့ဝင်သည် ကျပ်နှစ်သိန်းငါးသောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ခွဲဥက္ကဋ္ဌသည် ကျပ်ကိုးသောင်း နှင့် အဖွဲ့ဝင်သည် ကျပ်ခုနစ်သောင်း လစဉ်ချီးမြှင့်ငွေရရှိ မည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ” ကော်မရှင်ရဲ့ဘတ်ဂျက်ကနေ ပေးမှာဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက် ကနေစတင် ခံစားခွင့်ပြုမယ်လို့ ဘဏ္ဍာအခွန်က အကြောင်းကြားထားတယ်။ အရင်တုန်း ကတော့ လစာပေးတာ မရှိဘူး။ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အစည်းအဝေးတက်ရင် စရိတ်ပေးတာမျိုးပဲရှိတယ်” ဟု ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် လစဉ်ချီးမြှင့်ရန် ကော်မရှင်မှ တင်ပြ ထားခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ခွင့်ပြုပေးလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးအဆင့် အဆောင်အယောင်နှင့် လစာကျပ် သိန်းသုံးဆယ်ရရှိပြီး ကော်မရှင်အဖွဲ့ဝင်များသည် ဒုတိယ၀န်ကြီးလစာ ကျပ်သိန်းနှစ်ဆယ်နှင့် အဆောင်အယောင်များ ရရှိကြောင်း သိရသည်။

‎Democracytoday


Leave a Reply