အမေရိကန်ရွေးကောက်ပွဲ၌ ဟီလာရီအောင်မြင်ရမည်ဟု အိုဘားမား ပြော
နယူးယောက် ဇူလိုင် ၂၈
အမေရိကန်သမ္မတအိုဘားမားသည် နိုဝင်ဘာလ၌ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဟီလာရီအနိုင်ရရှိရေး ကူညီကြရန် မဲဆန္ဒရှင်များကို အလေးအနက်ပန်ကြားခဲ့သည်။ ဒီမိုကရက်တစ်ညီလာခံ၌ အိုဘားမားက ဟီလာရီကို ချီးမွမ်း ပြောဆိုခဲ့ပြီး အိမ်ဖြူတော်ကိုအရည်အချင်းအရှိဆုံးပုဂ္ဂိုလ်ကသာ ဦးဆောင်သွားရမည်ဟုလည်း ပြောခဲ့သည်။
ထို့ပြင်၎င်းသည် ယခုအခါ ပြည်သူများသည် ကြောက်ရွံ့မှုနှင့်မျှော်လင့်ချက်ကြား ရွေးချယ်မဲပေးရမည့်အရေးနှင့် ကြုံတွေ့နေရသည်ဟုလည်း ရီပတ်ဘလစ်ကန်ဘက် မှ ထရန့်ကိုပုတ်ခတ်ပြောဆိုခဲ့သည်။ သို့သော် ထရန့်က သမ္မတအိုဘားမား၏ အမြင်ကို ငြင်းဆိုခဲ့သည်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ထရန့်နှင့်ပတ်သက်၍ ၄င်း၏ ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
အိုဘားမားက ဟီလာရီမှာ ခေါင်းဆောင်ကောင်း၏အရည်အချင်းနှင့်ပြည့်စုံပြီး အခက်အခဲ အတားအဆီးများကို ချေဖျက်နိုင်သူဟုလည်း ချီးမွမ်းပြောဆိုခဲ့သည်။ ထို့ပြင် အိုဘားမားက မဲဆန္ဒရှင်များအနေဖြင့်လည်း ၄င်းကို မဲပေးခဲ့သလို၊ ထောက်ခံ အားပေးခဲ့သလို ဟီလာရီကိုလည်း ထောက်ခံမဲပေးကြရန် ပန်ကြားခဲ့သည်။
(ဘီဘီစီ)