ျပင္ဦးလြင္ ေအာင္စံပယ္ေ႐ႊဆိုင္ ဓားျပတိုက္လူသတ္မႈ က်ဴးလြန္သူ ၅ ဦးကို ေသဒဏ္ခ်မွတ္

ျပင္ဦးလြင္ ေအာင္စံပယ္ေ႐ႊဆိုင္ ဓားျပတိုက္လူသတ္မႈ က်ဴးလြန္သူ ၅ ဦးကို ေသဒဏ္ခ်မွတ္
===========================
ဇူလိုင္ ၂၃

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ရွိ ေအာင္စံပယ္ေ႐ႊဆိုင္ တြင္ ဓားျပတိုက္မႈႏွင့္ လူသတ္မႈ က်ဴးလြန္ခဲ့သည့္ အမ်ိဳးသား ၄ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦး စုစုေပါင္း ၅ ဦးကို ျပင္ဦးလြင္ခ႐ိုင္တရား႐ုံးက ရာဇသတ္ႀကီးပုဒ္မ ၃၉၆ အရ မေသမခ်င္း လည္ပင္းႀကိဳးကြင္းစြပ္သတ္ရန္ (ေသဒဏ္) ဇူလိုင္ ၁၆ ရက္တြင္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ေသဒဏ္ခ်မွတ္ခံရသူမ်ားမွာ ေအာင္မ်ိဳးႏိုင္ (ခ) အိစိ၊ မ်ိဳးလင္းထြန္း (ခ) မ်ိဳးႀကီး (ခ) သားငယ္၊ စိုင္းၾကည္သူ (ခ) ဖက္တီး၊ ေအာင္ကိုသက္ (ခ) က်င္ဝွက္ (ခ) ရာဇာႏွင့္ စႏၵာဦးတို႔ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ရာဇသတ္ႀကီးပုဒ္မ ၃၉၆ သည္ ဓားျပတိုက္မႈႏွင့္အတူ လူသတ္မႈပါ က်ဴးလြန္သည့္ အမႈမ်ားအတြက္ သက္ဆိုင္ၿပီး အနိမ့္ဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္မွ အျမင့္ဆုံး ေသဒဏ္အထိ ခ်မွတ္ႏိုင္သည့္ ပုဒ္မျဖစ္ေၾကာင္း၊ ယခုအမႈတြင္ အျမင့္ဆုံးျပစ္ဒဏ္ကို ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဓားျပတိုက္မႈမွာ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာ ၁၂ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ပစၥတိုေသနတ္ကိုင္ေဆာင္ထားသူမ်ားက ဆိုင္အတြင္း ဝင္ေရာက္ဓားျပတိုက္စဥ္ လုံၿခဳံေရးဝန္ထမ္း အသက္ ၅၈ ႏွစ္အ႐ြယ္ ဦးစိန္ဝင္းကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ရာ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္အၿပီးတြင္ ေဒသခံမ်ားက တရားခံတစ္ဦးကို ဖမ္းဆီးေပးအပ္ႏိုင္ခဲ့ၿပီး ရဲတပ္ဖြဲ႕၏ ဆက္လက္စုံစမ္းေဖာ္ထုတ္မႈေၾကာင့္ က်န္တရားခံမ်ားကို ထပ္မံဖမ္းဆီးႏိုင္ခဲ့ကာ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလအတြင္း ျပင္ဦးလြင္ခ႐ိုင္တရား႐ုံးတြင္ အမႈဖြင့္တရားစြဲဆိုခဲ့ေၾကာင္း သိရသည္။

အမႈကို ရွစ္လနီးပါး စစ္ေဆးၾကားနာၿပီးေနာက္ တရားခံ ၅ ဦး၏ ျပစ္မႈထင္ရွားသျဖင့္ ေသဒဏ္ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္အတြင္း ျပင္ဦးလြင္ႏွင့္ မႏၲေလးၿမိဳ႕တို႔ရွိ ေ႐ႊဆိုင္မ်ားတြင္ ဓားျပတိုက္မႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ၿပီး ဧၿပီလအတြင္း ျပင္ဦးလြင္ၿမိဳ႕ရွိ “ေမ” စိန္ေ႐ႊရတနာဆိုင္ႏွင့္ ဇူလိုင္ ၂၀ ရက္တြင္ မႏၲေလးၿမိဳ႕ရွိ မီလ်ံနာေ႐ႊဆိုင္တို႔တြင္လည္း ဓားျပတိုက္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


ပြင်ဦးလွင် အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်လူသတ်မှု ကျူးလွန်သူ ၅ ဦးကို သေဒဏ်ချမှတ်
===========================
ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အောင်စံပယ်ရွှေဆိုင် တွင် ဓားပြတိုက်မှုနှင့် လူသတ်မှု ကျူးလွန်ခဲ့သည့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦးကို ပြင်ဦးလွင်ခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် (သေဒဏ်) ဇူလိုင် ၁၆ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သေဒဏ်ချမှတ်ခံရသူများမှာ အောင်မျိုးနိုင် (ခ) အိစိ၊ မျိုးလင်းထွန်း (ခ) မျိုးကြီး (ခ) သားငယ်၊ စိုင်းကြည်သူ (ခ) ဖက်တီး၊ အောင်ကိုသက် (ခ) ကျင်ဝှက် (ခ) ရာဇာနှင့် စန္ဒာဦးတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၃၉၆ သည် ဓားပြတိုက်မှုနှင့်အတူ လူသတ်မှုပါ ကျူးလွန်သည့် အမှုများအတွက် သက်ဆိုင်ပြီး အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ကြောင်း၊ ယခုအမှုတွင် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓားပြတိုက်မှုမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ္စတိုသေနတ်ကိုင်ဆောင်ထားသူများက ဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်စဉ် လုံခြုံရေးဝန်ထမ်း အသက် ၅၈ နှစ်အရွယ် ဦးစိန်ဝင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အပြီးတွင် ဒေသခံများက တရားခံတစ်ဦးကို ဖမ်းဆီးပေးအပ်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့၏ ဆက်လက်စုံစမ်းဖော်ထုတ်မှုကြောင့် ကျန်တရားခံများကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်ခရိုင်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အမှုကို ရှစ်လနီးပါး စစ်ဆေးကြားနာပြီးနောက် တရားခံ ၅ ဦး၏ ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပြင်ဦးလွင်နှင့် မန္တလေးမြို့တို့ရှိ ရွှေဆိုင်များတွင် ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီလအတွင်း ပြင်ဦးလွင်မြို့ရှိ “မေ” စိန်ရွှေရတနာဆိုင်နှင့် ဇူလိုင် ၂၀ ရက်တွင် မန္တလေးမြို့ရှိ မီလျံနာရွှေဆိုင်တို့တွင်လည်း ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။