ဆွီဒင် ဈေးဝယ်စင်တာ တစ်ခုတွင် ပစ်ခတ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေ

369CB08D00000578-3709147-image-a-2_1469554994957

ဆွီဒင်ရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်း လူတစ်ဦးကို ပစ်ခတ်ခဲ့သည့် သေနတ်သမားကို ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေဆဲဟု သိရသည်။

ဇူလိုင် ၂၆ ရက်က ဆွီဒင်တောင်ပိုင်း၊ မယ်လ်မိုမြို့ရှိ ရိုဆန်ဂါ့ဒ် ဈေးဝယ်စင်တာတွင် လူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ စင်တာထဲ၌ ရန်ပွဲတစ်ခု ဖြစ်ပွားရာ၌ ပါဝင်ခဲ့သည့် အမျိုးသားသည် ဘယ်ဘက် ခြေထောက်တွင် ကျည်ဆန် ထိမှန်ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

သေနတ်သမားမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူကို ဆေးရုံသို့ ချက်ချင်း တင်ပို့ခဲ့ရ ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က အဆိုပါ ဧရိယာကို ပိတ်ဆို့ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေသလို သေနတ်သမားကို လိုက်လံ ရှာဖွေလျက် ရှိသည်။ ဇူလိုင် ၂၈ ရက် နံနက်အစောပိုင်းထိ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခြင်း မရှိသေးချေ။

“အထဲမှာတော့ ရှုပ်ပွနေတာပဲ။ လူတစ်ယောက် အပစ်ခံရတယ်။ ခြေထောက်မှာပါ။ သူ့ကို ဆေးရုံ ပို့ထားပါပြီ”ဟု ကွင်းဆင်းစစ်ဆေးရေး ရဲအရာရှိ လော့တာ ဆဗန်ဆန်က ပြောကြားခဲ့သည်။ ရဲများက သံသယ တရားခံ မည်သူမည်ဝါ ဖြစ်သည်ကို မကြေညာသေးသလို ပစ်ခတ်မှု ဖြစ်စေသည့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကိုလည်း မသိရသေးဟု ဆိုသည်။ သေနတ်သမားသည် အခင်းဖြစ်ရာ နေရာမှ ခြေလျင် ထွက်ပြေးသွားခြင်းဟု ယုံကြည်ရသည်။

မယ်လ်မိုသည် ဆွီဒင်၏ တတိယ အကြီးဆုံး မြို့ဖြစ်ပြီး ရွှေ့ပြောင်း အခြေချသူ အများအပြား နေထိုင်လျက် ရှိသည်။ ယခုအခင်းဖြစ်ပွားရာ ဧရိယာသည် ၂၀၀၈ ခုနှစ်က ဗလီတစ်ခုကို ပိတ်သိမ်းစေမှုအတွက် ရဲတပ်ဖွဲ့နှင့် လူငယ်အချို့ကြား ပဋိပက္ခများ ပေါ်ပေါက်ခဲ့ဖူးသည့် နေရာလည်း ဖြစ်သည်။ ယင်းပြဿနာသည် အတန်ငယ် ကြီးထွားခဲ့ပြီး အခြားမြို့များမှ ရဲတပ်ဖွဲ့ဝင်များပါ အားဖြည့်သွားရောက်မှသာ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်။

ဥရောပ နိုင်ငံများဖြစ်သည့် ဂျာမနီ၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့တွင် ပြီးခဲ့သည့် ၁၈ လတာအတွင်း အရှေ့ အလယ်ပိုင်းနှင့် အာရှအနောက်ပိုင်း နိုင်ငံများ ပြောင်းရွှေ့ အခြေချ ဝင်ရောက်လာသူများ၏ ရမ်းကားတိုက်ခိုက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် တွေ့ကြုံနေခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှု အများစုတွင် အိုင်အက်စ် စစ်သွေးကြွ အုပ်စုက ကျောထောက်နောက်ခံ ရှိနေသည်ဟု ကြေညာခဲ့သော်လည်း မယ်လ်မိုမှ ဖြစ်ရပ်တွင်မူ အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်းရှိမရှိ မသိရသေးဟု ရဲများက ပြောကြားထားသည်။       

-Ref: Daily Mail


Leave a Reply