ကာကြယ္ေရးကတိကဝတ္ ပ်က္ကြက္မႈေၾကာင့္ ဒုတိယကမာၻစစ္ကတည္း က စတင္ခဲ့သည့္ ကေနဒါႏွင့္ ပူးတြဲကာကြယ္ေရး လုပ္ေဆာင္မႈမ်ားကို အေမရိကန္ ဆိုင္းငံ့

ကာကြယ္ေရးကတိကဝတ္ ပ်က္ကြက္မႈေၾကာင့္ ဒုတိယကမာၻစစ္ကတည္း က စတင္ခဲ့သည့္ ကေနဒါႏွင့္ ပူးတြဲကာကြယ္ေရး လုပ္ေဆာင္မႈမ်ားကို အေမရိကန္ ဆိုင္းငံ့
======================
ေမ ၁၉

​ကေနဒါႏိုင္ငံသည္ ၎၏ စစ္ဘက္ဆိုင္ရာ ကာ ကြယ္ေရးတာဝန္ဝတၱရားမ်ားကို လုံေလာက္စြာ ေက်ပြန္ေအာင္ ေဆာင္႐ြက္ရန္ ပ်က္ကြက္ေနသည္ဟု အေၾကာင္းျပကာ၊ ဒုတိယကမာၻစစ္ကာလကတည္းက စတင္ဖြဲ႕စည္းခဲ့သည့္ တိုက္ႀကီးအဆင့္ ပူးတြဲကာကြယ္ ေရးအဖြဲ႕တြင္ ဆက္လက္ပါဝင္ေတာ့မည္မဟုတ္ေၾကာင္း အေမရိကန္ျပည္ေထာင္စုက ေၾကညာလိုက္သည္။

အေမရိကန္ ကာကြယ္ေရးဒုတိယဝန္ႀကီး အဲလ္ဘရစ္ခ်္ ကိုလ္ဘီ (Elbridge Colby)က အၿမဲတမ္းပူးတြဲကာ ကြယ္ေရးဘုတ္အဖြဲ႕ (Permanent Joint Board on Defense)တြင္ အေမရိကန္၏ ပါဝင္ေဆာင္႐ြက္ေနမႈမ်ားကို ရပ္ဆိုင္းသြားမည္ျဖစ္ေၾကာင္း တနလၤာေန႔တြင္ လူမႈကြန္ရက္၌ ထုတ္ျပန္ခဲ့သည္။ အဆိုပါဘုတ္အဖြဲ႕သည္ ဒုတိယကမာၻစစ္အတြင္းကတည္းက ႏွစ္ႏိုင္ငံအၾကား ေဒသတြင္းလုံၿခဳံေရးအတြက္ အဓိကေဆြး ေႏြးတိုင္ပင္ရာ ဖိုရမ္တစ္ခုအျဖစ္ တည္ရွိခဲ့ျခင္း ျဖစ္ သည္။

“စိတ္ပ်က္စရာေကာင္းတာက ကေနဒါဟာ သူတို႔ရဲ႕ ကာ ကြယ္ေရးဆိုင္ရာ ကတိကဝတ္ေတြအေပၚ ယုံ ၾကည္စိတ္ခ်ရတဲ့ တိုးတက္မႈမ်ိဳး ရွိေအာင္လုပ္ဖို႔ ပ်က္ ကြက္ခဲ့ပါတယ္။ အေျပာနဲ႔ လက္ေတြ႕အၾကားက ကြာ ဟခ်က္ေတြကို ကြၽန္ေတာ္တို႔ ေနာက္ထပ္ မ်က္ကြယ္ျပဳထားလို႔ မရေတာ့ပါဘူး” ဟု ကိုလ္ဘီက ဆိုကာ အေနာက္အုပ္စု မဟာမိတ္မ်ား သည္ အေမရိကန္၏ စစ္အင္အားအေပၚ အလြန္အကြၽံ မွီခိုေန႐ုံသာရွိသည္ဟူေသာ သမၼတ ထရန႔္၏ အျမင္ကို ထပ္ ေလာင္းအတည္ျပဳခဲ့သည္။

​ၿပီးခဲ့သည့္ႏွစ္ ေနတိုး(NATO) ထိပ္သီးအစည္း အေဝးတြင္ အဖြဲ႕ဝင္ႏိုင္ငံအမ်ားစုက ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီ (GDP) ၏ ၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ရန္ သေဘာတူခဲ့ၾကၿပီး၊ ၂၀၂၅ ခုႏွစ္ မတ္လတြင္ ရာထူးတက္လာသည့္ ကေနဒါဝန္ႀကီးခ်ဳပ္ မာ့ခ္ ကာနီ (Mark Carney) ကလည္း ထိုအသုံးစရိတ္ထဲမွ ၃.၅ ရာခိုင္ႏႈန္းကို ကေနဒါ၏ အဓိကစစ္ဘက္စြမ္းေဆာင္ရည္ျမႇင့္တင္ရန္ သုံးစြဲမည္ဟု ကတိျပဳထားခဲ့သည္။

ဝန္ႀကီးခ်ဳပ္ ကာနီသည္ ရာထူးရယူကတည္းက အေမရိကန္၏ စစ္ေရးႏွင့္ စီးပြားေရးအေပၚ ကေနဒါ၏ မွီခိုေနရမႈကို ေလွ်ာ့ခ်ရန္ ေျဗာင္က်က် ႀကိဳးပမ္းလာသူျဖစ္သည္။ ၎က ကေနဒါကဲ့သို႔ေသာ အလယ္ အလတ္အင္အားရွိသည့္ႏိုင္ငံမ်ား (Middle powers) အေနျဖင့္ အေမရိကန္၊ ႐ုရွား၊ တ႐ုတ္တို႔ကဲ့သို႔ေသာ “မဟာအင္အားႀကီးႏိုင္ငံမ်ားအၾကား ၿပိဳင္ဆိုင္မႈေခတ္” ကို ေရွာင္လႊဲကာ သီးျခားပူးေပါင္းေဆာင္႐ြက္သင့္ေၾကာင္း ေမွ်ာ္မွန္းခ်က္ခ်မွတ္ထားသည္။

၂၀၂၅ ခုႏွစ္တြင္ ေဒၚနယ္ထရန႔္ ဒုတိယသက္တမ္း သမၼတအျဖစ္ ျပန္လည္တက္လာကတည္းက အိမ္နီး ခ်င္းႏွစ္ႏိုင္ငံ ဆက္ဆံေရးမွာ လုံၿခဳံေရးအျပင္ ကုန္ သြယ္ေရးႏွင့္ နယ္စပ္ေရးရာမ်ားတြင္ပါ ျပင္းထန္စြာ ၿပိဳကြဲလာခဲ့သည္။ ထရန႔္က ကေနဒါသည္ မမွ်တေသာ ကုန္သြယ္ေရးမူဝါဒမ်ား က်င့္သုံးေနၿပီး နယ္စပ္ျဖတ္ေက်ာ္ လူေမွာင္ခိုမႈႏွင့္ မူးယစ္ေဆးဝါးသယ္ေဆာင္မႈမ်ားကို မႏွိမ္နင္းႏိုင္ဟု စြပ္စြဲကာ ျပင္းထန္ေသာအေကာက္ခြန္မ်ားျဖင့္ ဖိအားေပးခဲ့သည္။ ထရန႔္သည္ ယခင္က ကေနဒါအေနျဖင့္ ယခုပိတ္ဆို႔မႈမ်ားကို ေရွာင္လႊဲလိုပါက ၎တို႔၏ အခ်ဳပ္အျခာအာဏာကိုစြန႔္ၿပီး အေမရိကန္၏ “၅၁ ခုေျမာက္ ျပည္နယ္” အျဖစ္ ခံယူသင့္ေၾကာင္းပင္ ေလွာင္ေျပာင္ေျပာဆိုခဲ့ဖူးသည္။

ယခုကဲ့သို႔ သမိုင္းဝင္မဟာမိတ္အဖြဲ႕မွ ႏုတ္ထြက္သည့္ ဆုံးျဖတ္ခ်က္အေပၚ အေမရိကန္ ရီပတ္ဘလစ္ကန္ ေအာက္လႊတ္ေတာ္အမတ္ ဒြန္ ေဘကြန္ (Don Bacon)က လူမႈကြန္ရက္တြင္ ျပင္းထန္စြာ ေဝဖန္ရႈတ္ ခ်ခဲ့သည္။ “ဒါေတြအားလုံးဟာ ကေနဒါကို ၅၁ ခုေျမာက္ ျပည္နယ္ျဖစ္လာလိမ့္မယ္ဆိုတဲ့ ေစာ္ကားေလွာင္ေျပာင္မႈေတြကေန စတင္ခဲ့တာပါ။ ဒီလိုပုတ္ ခတ္မႈေတြေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ ဘာမွအက်ိဳးမရွိဘဲ စီးပြားေရးအရေရာ၊ အခု စစ္ေရးအရပါ ဆုံးရႈံးမႈေတြျဖစ္ေစတဲ့ ရန္ၿငိဳးေတြကိုပဲ ရရွိခဲ့တာ ျဖစ္ပါတယ္” ဟု ၎က ဆိုကာ ပိုမိုရင့္က်က္သည့္ ဦးေႏွာက္မ်ားျဖင့္ မဟာမိတ္ကို ထိန္းသိမ္းရန္ လိုအပ္ေၾကာင္း ေထာက္ျပခဲ့သည္။

အေမရိကန္၊ ကေနဒါႏွင့္ မကၠဆီကို သုံးႏိုင္ငံတို႔ သည္ ယခုႏွစ္ေႏွာင္းပိုင္းတြင္ USMCA ဟုေခၚသည့္ ေဒသတြင္း လြတ္လပ္ေသာကုန္သြယ္မႈ သေဘာတူညီခ်က္အသစ္ကို ျပန္လည္ညႇိႏႈိင္း ေဆြးေႏြးရန္ ရွိေနခ်ိန္တြင္ ယခုကဲ့သို႔ စစ္ေရးမဟာမိတ္ ၿပိဳကြဲမႈ ထြက္ေပၚ လာျခင္း ျဖစ္သည္။


ကာကွယ်ရေးကတိကဝတ် ပျက်ကွက်မှုကြောင့် ဒုတိယကမ္ဘာစစ်ကတည်း က စတင်ခဲ့သည့် ကနေဒါနှင့် ပူးတွဲကာကွယ်ရေး လုပ်ဆောင်မှုများကို အမေရိကန် ဆိုင်းငံ့
======================
မေ ၁၉

​ကနေဒါနိုင်ငံသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ ကာ ကွယ်ရေးတာဝန်ဝတ္တရားများကို လုံလောက်စွာ ကျေပွန်အောင် ဆောင်ရွက်ရန် ပျက်ကွက်နေသည်ဟု အကြောင်းပြကာ၊ ဒုတိယကမ္ဘာစစ်ကာလကတည်းက စတင်ဖွဲ့စည်းခဲ့သည့် တိုက်ကြီးအဆင့် ပူးတွဲကာကွယ် ရေးအဖွဲ့တွင် ဆက်လက်ပါဝင်တော့မည်မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်သည်။

အမေရိကန် ကာကွယ်ရေးဒုတိယဝန်ကြီး အဲလ်ဘရစ်ချ် ကိုလ်ဘီ (Elbridge Colby)က အမြဲတမ်းပူးတွဲကာ ကွယ်ရေးဘုတ်အဖွဲ့ (Permanent Joint Board on Defense)တွင် အမေရိကန်၏ ပါဝင်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် လူမှုကွန်ရက်၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါဘုတ်အဖွဲ့သည် ဒုတိယကမ္ဘာစစ်အတွင်းကတည်းက နှစ်နိုင်ငံအကြား ဒေသတွင်းလုံခြုံရေးအတွက် အဓိကဆွေး နွေးတိုင်ပင်ရာ ဖိုရမ်တစ်ခုအဖြစ် တည်ရှိခဲ့ခြင်း ဖြစ် သည်။

“စိတ်ပျက်စရာကောင်းတာက ကနေဒါဟာ သူတို့ရဲ့ ကာ ကွယ်ရေးဆိုင်ရာ ကတိကဝတ်တွေအပေါ် ယုံ ကြည်စိတ်ချရတဲ့ တိုးတက်မှုမျိုး ရှိအောင်လုပ်ဖို့ ပျက် ကွက်ခဲ့ပါတယ်။ အပြောနဲ့ လက်တွေ့အကြားက ကွာ ဟချက်တွေကို ကျွန်တော်တို့ နောက်ထပ် မျက်ကွယ်ပြုထားလို့ မရတော့ပါဘူး” ဟု ကိုလ်ဘီက ဆိုကာ အနောက်အုပ်စု မဟာမိတ်များ သည် အမေရိကန်၏ စစ်အင်အားအပေါ် အလွန်အကျွံ မှီခိုနေရုံသာရှိသည်ဟူသော သမ္မတ ထရန့်၏ အမြင်ကို ထပ် လောင်းအတည်ပြုခဲ့သည်။

​ပြီးခဲ့သည့်နှစ် နေတိုး(NATO) ထိပ်သီးအစည်း အဝေးတွင် အဖွဲ့ဝင်နိုင်ငံအများစုက ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် သဘောတူခဲ့ကြပြီး၊ ၂၀၂၅ ခုနှစ် မတ်လတွင် ရာထူးတက်လာသည့် ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) ကလည်း ထိုအသုံးစရိတ်ထဲမှ ၃.၅ ရာခိုင်နှုန်းကို ကနေဒါ၏ အဓိကစစ်ဘက်စွမ်းဆောင်ရည်မြှင့်တင်ရန် သုံးစွဲမည်ဟု ကတိပြုထားခဲ့သည်။

ဝန်ကြီးချုပ် ကာနီသည် ရာထူးရယူကတည်းက အမေရိကန်၏ စစ်ရေးနှင့် စီးပွားရေးအပေါ် ကနေဒါ၏ မှီခိုနေရမှုကို လျှော့ချရန် ဗြောင်ကျကျ ကြိုးပမ်းလာသူဖြစ်သည်။ ၎င်းက ကနေဒါကဲ့သို့သော အလယ် အလတ်အင်အားရှိသည့်နိုင်ငံများ (Middle powers) အနေဖြင့် အမေရိကန်၊ ရုရှား၊ တရုတ်တို့ကဲ့သို့သော “မဟာအင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုခေတ်” ကို ရှောင်လွှဲကာ သီးခြားပူးပေါင်းဆောင်ရွက်သင့်ကြောင်း မျှော်မှန်းချက်ချမှတ်ထားသည်။

၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရန့် ဒုတိယသက်တမ်း သမ္မတအဖြစ် ပြန်လည်တက်လာကတည်းက အိမ်နီး ချင်းနှစ်နိုင်ငံ ဆက်ဆံရေးမှာ လုံခြုံရေးအပြင် ကုန် သွယ်ရေးနှင့် နယ်စပ်ရေးရာများတွင်ပါ ပြင်းထန်စွာ ပြိုကွဲလာခဲ့သည်။ ထရန့်က ကနေဒါသည် မမျှတသော ကုန်သွယ်ရေးမူဝါဒများ ကျင့်သုံးနေပြီး နယ်စပ်ဖြတ်ကျော် လူမှောင်ခိုမှုနှင့် မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို မနှိမ်နင်းနိုင်ဟု စွပ်စွဲကာ ပြင်းထန်သောအကောက်ခွန်များဖြင့် ဖိအားပေးခဲ့သည်။ ထရန့်သည် ယခင်က ကနေဒါအနေဖြင့် ယခုပိတ်ဆို့မှုများကို ရှောင်လွှဲလိုပါက ၎င်းတို့၏ အချုပ်အခြာအာဏာကိုစွန့်ပြီး အမေရိကန်၏ “၅၁ ခုမြောက် ပြည်နယ်” အဖြစ် ခံယူသင့်ကြောင်းပင် လှောင်ပြောင်ပြောဆိုခဲ့ဖူးသည်။

ယခုကဲ့သို့ သမိုင်းဝင်မဟာမိတ်အဖွဲ့မှ နုတ်ထွက်သည့် ဆုံးဖြတ်ချက်အပေါ် အမေရိကန် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် ဒွန် ဘေကွန် (Don Bacon)က လူမှုကွန်ရက်တွင် ပြင်းထန်စွာ ဝေဖန်ရှုတ် ချခဲ့သည်။ “ဒါတွေအားလုံးဟာ ကနေဒါကို ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာလိမ့်မယ်ဆိုတဲ့ စော်ကားလှောင်ပြောင်မှုတွေကနေ စတင်ခဲ့တာပါ။ ဒီလိုပုတ် ခတ်မှုတွေကြောင့် ကျွန်တော်တို့အတွက် ဘာမှအကျိုးမရှိဘဲ စီးပွားရေးအရရော၊ အခု စစ်ရေးအရပါ ဆုံးရှုံးမှုတွေဖြစ်စေတဲ့ ရန်ငြိုးတွေကိုပဲ ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုကာ ပိုမိုရင့်ကျက်သည့် ဦးနှောက်များဖြင့် မဟာမိတ်ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံတို့ သည် ယခုနှစ်နှောင်းပိုင်းတွင် USMCA ဟုခေါ်သည့် ဒေသတွင်း လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အသစ်ကို ပြန်လည်ညှိနှိုင်း ဆွေးနွေးရန် ရှိနေချိန်တွင် ယခုကဲ့သို့ စစ်ရေးမဟာမိတ် ပြိုကွဲမှု ထွက်ပေါ် လာခြင်း ဖြစ်သည်။