အီရန္၏ ေရနံေရာင္းခ်မႈကို ကူညီေပးသည္ဟု စြပ္စြဲကာ အီရတ္ဒုတိယဝန္ႀကီးကို အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔

အီရန္၏ ေရနံေရာင္းခ်မႈကို ကူညီေပးသည္ဟု စြပ္စြဲကာ အီရတ္ဒုတိယဝန္ႀကီးကို အေမရိကန္ ဒဏ္ခတ္ပိတ္ဆို႔
==========================
ေမ ၈

​​အီရန္ႏိုင္ငံ၏ ေရနံေရာင္းခ်မႈလုပ္ငန္းမ်ားကို ကူညီေပးေနသည္ဟု စြပ္စြဲကာ အီရတ္ေရနံဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီး အလီ မာရစ္ဂ်္ အယ္လ္-ဘာဟတ္ဒ္လီ (Ali Maarij al-Bahadly) အား အေမရိကန္အစိုးရက ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ခ်မွတ္လိုက္သည္။

​ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာန၏ ႏိုင္ငံျခားပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရး႐ုံး (OFAC)က ၾကာသပေတး ေန႔တြင္ ထုတ္ျပန္ရာ၌ ဘာဟတ္ဒ္လီသည္ ၎၏ ရာထူးအာဏာကို အသုံးျပဳကာ အီရတ္ေရနံထြက္ပစၥည္းမ်ားကို အီရန္ႏွင့္ ဆက္ႏႊယ္ေနေသာ ေမွာင္ခိုဂိုဏ္းမ်ားႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားထံ လမ္းေၾကာင္းလႊဲ ေပးပို႔ခဲ့သည္ဟု ဆိုသည္။

အထူးသျဖင့္ အီရန္ေက်ာေထာက္ေနာက္ခံျပဳ လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ Asa’ib Ahl al-Haq (AAH) ႏွင့္ အျခားအဖြဲ႕မ်ား အက်ိဳးအျမတ္ရရွိရန္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း စြပ္စြဲထားသည္။

​ ဘ႑ာေရးဝန္ႀကီး စေကာ့ ဘတ္ဆင့္က “အီရန္အစိုးရဟာ အီရတ္ျပည္သူေတြရဲ႕ သယံဇာတကို လုယက္ေနတာကို လက္ပိုက္ၾကည့္ေနမွာ မဟုတ္ဘူး” ဟု ေျပာၾကားခဲ့သည္။ ယခုဒဏ္ခတ္ပိတ္ဆို႔မႈသည္ အီရတ္ဝန္ႀကီးခ်ဳပ္အသစ္က အစိုးရအဖြဲ႕ဖြဲ႕စည္းရန္ ျပင္ ဆင္ေနခ်ိန္တြင္ ေပၚေပါက္လာျခင္းျဖစ္သည္။ ဘာဟတ္ဒ္လီသည္ ေရနံဝန္ႀကီးသစ္ျဖစ္ လာရန္ ေရပန္းစားေနသူျဖစ္သျဖင့္ အေမရိကန္၏ ယခုေျခလွမ္းမွာ အီရတ္အစိုးရအဖြဲ႕အတြင္း အီရန္ႏွင့္ နီးစပ္သူ မ်ားကို ဖယ္ထုတ္ရန္ ျပတ္သားေသာ သတိေပးခ်က္တစ္ခု ျဖစ္လာခဲ့သည္။

​ အီရန္ႏွင့္ အေမရိကန္အၾကား အပစ္ရပ္စဲေရး ရရွိထားေသာ္လည္း ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) ကို အေျခခံသည့္ ေရတပ္အားၿပိဳင္မႈမ်ားမွာ ဆက္လက္ျပင္းထန္ေနဆဲျဖစ္သည္။ အေမရိကန္သည္ အီရန္၏ ေရနံတင္ပို႔မႈကို လုံးဝရပ္တန႔္ေစရန္ ဆိပ္ ကမ္းမ်ားကို ပိတ္ဆို႔ထားၿပီး၊ အီရန္ကလည္း အဆိုပါ ေရလမ္းေၾကာင္းကို ထိန္းခ်ဳပ္ႏိုင္ရန္ ႀကိဳးပမ္းေနသျဖင့္ ေဒသတြင္း တင္းမာမႈမ်ားမွာ ေလ်ာ့က်သြားျခင္း မရွိေသးေပ။


အီရန်၏ ရေနံရောင်းချမှုကို ကူညီပေးသည်ဟု စွပ်စွဲကာ အီရတ်ဒုတိယဝန်ကြီးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့
==========================
မေ ၈

​​အီရန်နိုင်ငံ၏ ရေနံရောင်းချမှုလုပ်ငန်းများကို ကူညီပေးနေသည်ဟု စွပ်စွဲကာ အီရတ်ရေနံဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အလီ မာရစ်ဂျ် အယ်လ်-ဘာဟတ်ဒ်လီ (Ali Maarij al-Bahadly) အား အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။

​ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC)က ကြာသပတေး နေ့တွင် ထုတ်ပြန်ရာ၌ ဘာဟတ်ဒ်လီသည် ၎င်း၏ ရာထူးအာဏာကို အသုံးပြုကာ အီရတ်ရေနံထွက်ပစ္စည်းများကို အီရန်နှင့် ဆက်နွှယ်နေသော မှောင်ခိုဂိုဏ်းများနှင့် လက်နက်ကိုင်အဖွဲ့များထံ လမ်းကြောင်းလွှဲ ပေးပို့ခဲ့သည်ဟု ဆိုသည်။

အထူးသဖြင့် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များဖြစ်သည့် Asa’ib Ahl al-Haq (AAH) နှင့် အခြားအဖွဲ့များ အကျိုးအမြတ်ရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း စွပ်စွဲထားသည်။

​ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်က “အီရန်အစိုးရဟာ အီရတ်ပြည်သူတွေရဲ့ သယံဇာတကို လုယက်နေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။ ယခုဒဏ်ခတ်ပိတ်ဆို့မှုသည် အီရတ်ဝန်ကြီးချုပ်အသစ်က အစိုးရအဖွဲ့ဖွဲ့စည်းရန် ပြင် ဆင်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဘာဟတ်ဒ်လီသည် ရေနံဝန်ကြီးသစ်ဖြစ် လာရန် ရေပန်းစားနေသူဖြစ်သဖြင့် အမေရိကန်၏ ယခုခြေလှမ်းမှာ အီရတ်အစိုးရအဖွဲ့အတွင်း အီရန်နှင့် နီးစပ်သူ များကို ဖယ်ထုတ်ရန် ပြတ်သားသော သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။

​ အီရန်နှင့် အမေရိကန်အကြား အပစ်ရပ်စဲရေး ရရှိထားသော်လည်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အခြေခံသည့် ရေတပ်အားပြိုင်မှုများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ အမေရိကန်သည် အီရန်၏ ရေနံတင်ပို့မှုကို လုံးဝရပ်တန့်စေရန် ဆိပ် ကမ်းများကို ပိတ်ဆို့ထားပြီး၊ အီရန်ကလည်း အဆိုပါ ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသဖြင့် ဒေသတွင်း တင်းမာမှုများမှာ လျော့ကျသွားခြင်း မရှိသေးပေ။