အေပ်ာ္စီးသေဘၤာေပၚတြင္ ဟန္တာဗိုင္းရပ္စ္ေၾကာင့္ဟုယူဆရၿပီး လူသုံးဦး ေသဆုံး

အေပ်ာ္စီးသေဘၤာေပၚတြင္ ဟန္တာဗိုင္းရပ္စ္ေၾကာင့္ဟုယူဆရၿပီး လူသုံးဦး ေသဆုံး
================================
အတၱလႏၲိတ္သမုဒၵရာအတြင္း ခုတ္ေမာင္းေနသည့္ ခရီးသြားသေဘၤာတစ္စင္းေပၚတြင္ လူ ၃ ဦး ေသဆုံးခဲ့ၿပီး၊ ၎တို႔အနက္ အနည္းဆုံး တစ္ဦးမွာ ေရာဂါပိုးရွိေသာ ကိုက္ျဖတ္သတၱဝါမ်ားမွတစ္ဆင့္ လူသို႔ကူးစက္တတ္သည့္ ရွားပါးေရာဂါျဖစ္ေသာ ဟန္တာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အတည္ျပဳႏိုင္ခဲ့သည္။
လက္ရွိတြင္ က်န္းမာေရးအာဏာပိုင္မ်ားသည္ အာဂ်င္တီးနားႏိုင္ငံ၊ အူရႉအာအီယာ (Ushuaia) ၿမိဳ႕မွ ကိပ္ဗာဒီ(Cape Verde) ကြၽန္းစုသို႔ ခုတ္ေမာင္းေနသည့္ MV Hondius အမည္ရွိ သေဘၤာေပၚတြင္ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈရွိမရွိကို စုံစမ္းစစ္ေဆးေနသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က တနဂၤေႏြေန႔တြင္ ထုတ္ျပန္သည့္ ေၾကညာခ်က္အရ လူတစ္ဦးတြင္ ဗိုင္းရပ္စ္ရွိေၾကာင္း အတည္ျပဳႏိုင္ခဲ့ၿပီး အျခားခရီးသည္ အနည္းဆုံး ၅ ဦးမွာလည္း ကူးစက္ခံရသည္ဟု သံသယရွိေၾကာင္း သိရသည္။
“ေရာဂါလကၡဏာျပတဲ့ လူ ၆ ဦးအနက္ ၃ ဦး ေသ ဆုံးသြားခဲ့ၿပီး တစ္ဦးကေတာ့ ေတာင္အာဖရိကမွာ အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသမႈခံယူေနပါတယ္” ဟု WHO က ဆိုသည္။ ထို႔ျပင္ ဓာတ္ခြဲခန္းစစ္ေဆးမႈမ်ားႏွင့္ ကပ္ေရာဂါေဗဒဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ားကို အေသးစိတ္လုပ္ေဆာင္ေနၿပီး ေရာဂါလကၡဏာရွိသည့္ အျခားခရီးသည္ ၂ ဦးကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းႏိုင္ရန္ ႏိုင္ငံမ်ားအၾကား ပူးေပါင္းညႇိႏႈိင္းေပးေနေၾကာင္းလည္း ျဖည့္စြက္ေျပာၾကားခဲ့သည္။
ဟန္တာဗိုင္းရပ္စ္သည္ ေရာဂါပိုးရွိေသာ ႂကြက္ သို႔မဟုတ္ ရႉးပ်ံကဲ့သို႔ ကိုက္ျဖတ္သတၱဝါမ်ား၏ မစင္ သို႔မဟုတ္ ဆီးတို႔မွတစ္ဆင့္ လူသို႔ကူးစက္ျခင္းျဖစ္ၿပီး၊ ျပင္းထန္ပါက ေသြးလြန္တုပ္ေကြးကဲ့သို႔ အဖ်ားေရာဂါ ျဖစ္ေစႏိုင္ကာ အသက္အႏၲရာယ္ရွိႏိုင္သည္။
ေတာင္အာဖရိက အမ်ိဳးသားက်န္းမာေရးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ ေဖာ္စတာ မိုဟာလီ (Foster Mohale)၏ ေျပာၾကားခ်က္အရ အသက္ ၇၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးတြင္ ေရာဂါလကၡဏာမ်ား ဦးစြာစတင္ျပသခဲ့ၿပီး သေဘၤာေပၚတြင္ပင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။ ၎၏႐ုပ္အေလာင္းကို အတၱလႏၲိတ္သမုဒၵရာေတာင္ပိုင္းရွိ ၿဗိတိန္ပိုင္ နယ္ေျမျဖစ္ေသာ စိန႔္ဟယ္လီနာ(Saint Helena) ကြၽန္းတြင္ ထိန္းသိမ္းထားရွိသည္။ အဆိုပါအမ်ိဳးသား၏ အသက္ ၆၉ ႏွစ္အ႐ြယ္ ဇနီးျဖစ္သူမွာလည္း ေရာဂါ ကူးစက္ခံခဲ့ရၿပီး ေတာင္အာဖရိကႏိုင္ငံ၊ ဂ်ိဳဟန္နက္စ္ဘာ့ဂ္ၿမိဳ႕ရွိ ေဆး႐ုံသို႔ ေ႐ႊ႕ေျပာင္းကုသစဥ္ ေသဆုံးသြားခဲ့ျခင္းျဖစ္သည္။
ေသဆုံးသူမ်ား၏ ႏိုင္ငံသားျဖစ္မႈကို အာဏာပိုင္မ်ားက အတည္မျပဳေသးေသာ္လည္း၊ လက္ရွိ ဂ်ိဳဟန္နက္စ္ဘာ့ဂ္ၿမိဳ႕တြင္ အထူးၾကပ္မတ္ကုသခံေနရသူမွာ အသက္ ၆၉ ႏွစ္အ႐ြယ္ ၿဗိတိန္ႏိုင္ငံသားတစ္ဦးျဖစ္ ေၾကာင္း AFP သတင္းဌာနက ေဖာ္ျပထားသည္။
အပျော်စီးသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကြောင့်ဟုယူဆရပြီး လူသုံးဦး သေဆုံး
================================
အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခုတ်မောင်းနေသည့် ခရီးသွားသင်္ဘောတစ်စင်းပေါ်တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး၊ ၎င်းတို့အနက် အနည်းဆုံး တစ်ဦးမှာ ရောဂါပိုးရှိသော ကိုက်ဖြတ်သတ္တဝါများမှတစ်ဆင့် လူသို့ကူးစက်တတ်သည့် ရှားပါးရောဂါဖြစ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။
လက်ရှိတွင် ကျန်းမာရေးအာဏာပိုင်များသည် အာဂျင်တီးနားနိုင်ငံ၊ အူရှူအာအီယာ (Ushuaia) မြို့မှ ကိပ်ဗာဒီ(Cape Verde) ကျွန်းစုသို့ ခုတ်မောင်းနေသည့် MV Hondius အမည်ရှိ သင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုရှိမရှိကို စုံစမ်းစစ်ဆေးနေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ လူတစ်ဦးတွင် ဗိုင်းရပ်စ်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြားခရီးသည် အနည်းဆုံး ၅ ဦးမှာလည်း ကူးစက်ခံရသည်ဟု သံသယရှိကြောင်း သိရသည်။
“ရောဂါလက္ခဏာပြတဲ့ လူ ၆ ဦးအနက် ၃ ဦး သေ ဆုံးသွားခဲ့ပြီး တစ်ဦးကတော့ တောင်အာဖရိကမှာ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေပါတယ်” ဟု WHO က ဆိုသည်။ ထို့ပြင် ဓာတ်ခွဲခန်းစစ်ဆေးမှုများနှင့် ကပ်ရောဂါဗေဒဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို အသေးစိတ်လုပ်ဆောင်နေပြီး ရောဂါလက္ခဏာရှိသည့် အခြားခရီးသည် ၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် နိုင်ငံများအကြား ပူးပေါင်းညှိနှိုင်းပေးနေကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဟန်တာဗိုင်းရပ်စ်သည် ရောဂါပိုးရှိသော ကြွက် သို့မဟုတ် ရှူးပျံကဲ့သို့ ကိုက်ဖြတ်သတ္တဝါများ၏ မစင် သို့မဟုတ် ဆီးတို့မှတစ်ဆင့် လူသို့ကူးစက်ခြင်းဖြစ်ပြီး၊ ပြင်းထန်ပါက သွေးလွန်တုပ်ကွေးကဲ့သို့ အဖျားရောဂါ ဖြစ်စေနိုင်ကာ အသက်အန္တရာယ်ရှိနိုင်သည်။
တောင်အာဖရိက အမျိုးသားကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဖော်စတာ မိုဟာလီ (Foster Mohale)၏ ပြောကြားချက်အရ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးတွင် ရောဂါလက္ခဏာများ ဦးစွာစတင်ပြသခဲ့ပြီး သင်္ဘောပေါ်တွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်း၏ရုပ်အလောင်းကို အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းရှိ ဗြိတိန်ပိုင် နယ်မြေဖြစ်သော စိန့်ဟယ်လီနာ(Saint Helena) ကျွန်းတွင် ထိန်းသိမ်းထားရှိသည်။ အဆိုပါအမျိုးသား၏ အသက် ၆၉ နှစ်အရွယ် ဇနီးဖြစ်သူမှာလည်း ရောဂါ ကူးစက်ခံခဲ့ရပြီး တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ ဆေးရုံသို့ ရွှေ့ပြောင်းကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများ၏ နိုင်ငံသားဖြစ်မှုကို အာဏာပိုင်များက အတည်မပြုသေးသော်လည်း၊ လက်ရှိ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် အထူးကြပ်မတ်ကုသခံနေရသူမှာ အသက် ၆၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ် ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။



