တ႐ုတ္က စစ္ပြဲမွာ သုံးမယ့္ ဝံပုေလြစက္႐ုပ္ေတြကို ျပသ

တ႐ုတ္က စစ္ပြဲမွာ သုံးမယ့္ ဝံပုေလြစက္႐ုပ္ေတြကို ျပသ
========================
တ႐ုတ္က ၿမိဳ႕ျပတိုက္ပြဲေတြမွာ အုပ္စုလိုက္စဥ္းစားၿပီး တိုက္ခိုက္ႏိုင္တဲ့ မ်ိဳးဆက္သစ္ “ဝံပုေလြစက္႐ုပ္” (Robot Wolves) ေတြကို မတ္လ ၂၆ ရက္ေန႔က ထုတ္ေဖာ္ျပသလိုက္ပါတယ္။ ဒီစက္႐ုပ္ေတြဟာ အရင္က စစ္သည္တစ္ဦးခ်င္းစီကို ကူညီေပးတဲ့စနစ္ကေန အခုအခါမွာေတာ့ စက္႐ုပ္အခ်င္းခ်င္း ခ်ိတ္ဆက္ထားတဲ့ “ဘုံဦးေႏွာက္” (Shared Brain) တစ္ခုကေနတစ္ဆင့္ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်ၿပီး တိုက္ခိုက္ႏိုင္တဲ့အဆင့္ကို ကူးေျပာင္းလာတာျဖစ္ပါတယ္။ အဲဒီစက္႐ုပ္ေတြဟာ ဒ႐ုန္းေတြနဲ႔ပါ ပူးေပါင္းၿပီး ေျမျပင္ေဝဟင္ ေပါင္းစပ္စစ္ဆင္ေရးေတြကို လုပ္ေဆာင္ႏိုင္တယ္လို႔ ဆိုပါတယ္။
အဲဒီစက္႐ုပ္ဝံပုေလြအုပ္စုမွာ တာဝန္အလိုက္ အမ်ိဳးအစား ၃ မ်ိဳး ခြဲျခားထားပါတယ္။ ကင္းေထာက္ဖို႔အတြက္ “Shadow”၊ တိုက္ခိုက္ေရးအတြက္ “Bloody” နဲ႔ ေထာက္ပံ့ေရးအတြက္ “Polar” ဆိုၿပီး ပုံစံကိုယ္စီရွိပါတယ္။ အထူးသျဖင့္ တိုက္ခိုက္ေရးစက္႐ုပ္ေတြမွာ ဒုံးက်ည္အေသးစားေတြ၊ လက္ပစ္ဗုံးပစ္ေလာင္ခ်ာေတြနဲ႔ ၁၉၁ အလိုအေလ်ာက္ ႐ိုင္ဖယ္ေသနတ္ေတြကိုပါ တပ္ဆင္ထားႏိုင္ပါတယ္။ အဲဒီစက္႐ုပ္ေတြကို အသံနဲ႔ျဖစ္ေစ၊ လက္ဟန္ေျခဟန္ျပ အခ်က္ျပလက္အိတ္နဲ႔ျဖစ္ေစ ထိန္းခ်ဳပ္ႏိုင္ၿပီး တစ္နာရီကို ၁၅ ကီလိုမီတာအထိ အျမန္ႏႈန္းနဲ႔ သြားလာႏိုင္ပါတယ္။
စက္႐ုပ္ေတြဟာ ရန္သူကို ကိုယ္တိုင္ခြဲျခားႏိုင္ၿပီး ပစ္မွတ္ထားႏိုင္စြမ္းရွိေပမဲ့ တိုက္ခိုက္မႈမလုပ္ခင္မွာေတာ့ လူသားေအာ္ပေရတာရဲ႕ အတည္ျပဳခ်က္ကို ရယူရဦးမွာျဖစ္ပါတယ္။ အဲဒီအျပင္ တ႐ုတ္ႏိုင္ငံဟာ ဒ႐ုန္းအစင္း ၉၀ ေက်ာ္ကို ေအာ္ပေရတာတစ္ဦးတည္းက ထိန္းခ်ဳပ္ႏိုင္တဲ့ “Atlas” စနစ္နဲ႔ ဒ႐ုန္းေတြကို ဖ်က္ဆီးႏိုင္တဲ့ ေလဆာလက္နက္ေတြကိုပါ တီထြင္ထားပါတယ္။ အထူးသျဖင့္ ဆက္သြယ္ေရးလိုင္းေတြ ျဖတ္ေတာက္ခံထားရရင္ေတာင္ ဒ႐ုန္းအခ်င္းခ်င္း တစ္စင္းနဲ႔တစ္စင္း စိတ္ခ်င္းသိသလို နားလည္ၿပီး စစ္ဆင္ေရးေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ ရည္မွန္းထားတာပါ။
အခုလို လူမဲ့စနစ္ (Unmanned Systems) ေတြကို ပင္လယ္ျပင္ကင္းလွည့္တာေတြမွာပါ အသုံးျပဳေနၿပီး နည္းပညာတိုးတက္လာတာနဲ႔အမွ် လူသားေတြရဲ႕ ပါဝင္ပတ္သက္မႈမလိုဘဲ အုပ္စုလိုက္ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ တာဝန္ထမ္းေဆာင္ႏိုင္တဲ့ အဆင့္အထိ ေရာက္ရွိလာဖို႔ တ႐ုတ္က ႀကိဳးပမ္းေနပါတယ္။ ဒါဟာ ေနာင္လာမယ့္ စစ္ပြဲေတြမွာ AI နဲ႔ စက္႐ုပ္ေတြရဲ႕ အခန္းက႑က ဘယ္ေလာက္ေတအထိ အေရးပါလာမလဲဆိုတာကို ျပသေနတာပဲျဖစ္ပါတယ္။
#DigitalTimes _Ref : South China Morning Post
တရုတ်က စစ်ပွဲမှာ သုံးမယ့် ဝံပုလွေစက်ရုပ်တွေကို ပြသ
========================
တရုတ်က မြို့ပြတိုက်ပွဲတွေမှာ အုပ်စုလိုက်စဉ်းစားပြီး တိုက်ခိုက်နိုင်တဲ့ မျိုးဆက်သစ် “ဝံပုလွေစက်ရုပ်” (Robot Wolves) တွေကို မတ်လ ၂၆ ရက်နေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီစက်ရုပ်တွေဟာ အရင်က စစ်သည်တစ်ဦးချင်းစီကို ကူညီပေးတဲ့စနစ်ကနေ အခုအခါမှာတော့ စက်ရုပ်အချင်းချင်း ချိတ်ဆက်ထားတဲ့ “ဘုံဦးနှောက်” (Shared Brain) တစ်ခုကနေတစ်ဆင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး တိုက်ခိုက်နိုင်တဲ့အဆင့်ကို ကူးပြောင်းလာတာဖြစ်ပါတယ်။ အဲဒီစက်ရုပ်တွေဟာ ဒရုန်းတွေနဲ့ပါ ပူးပေါင်းပြီး မြေပြင်ဝေဟင် ပေါင်းစပ်စစ်ဆင်ရေးတွေကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီစက်ရုပ်ဝံပုလွေအုပ်စုမှာ တာဝန်အလိုက် အမျိုးအစား ၃ မျိုး ခွဲခြားထားပါတယ်။ ကင်းထောက်ဖို့အတွက် “Shadow”၊ တိုက်ခိုက်ရေးအတွက် “Bloody” နဲ့ ထောက်ပံ့ရေးအတွက် “Polar” ဆိုပြီး ပုံစံကိုယ်စီရှိပါတယ်။ အထူးသဖြင့် တိုက်ခိုက်ရေးစက်ရုပ်တွေမှာ ဒုံးကျည်အသေးစားတွေ၊ လက်ပစ်ဗုံးပစ်လောင်ချာတွေနဲ့ ၁၉၁ အလိုအလျောက် ရိုင်ဖယ်သေနတ်တွေကိုပါ တပ်ဆင်ထားနိုင်ပါတယ်။ အဲဒီစက်ရုပ်တွေကို အသံနဲ့ဖြစ်စေ၊ လက်ဟန်ခြေဟန်ပြ အချက်ပြလက်အိတ်နဲ့ဖြစ်စေ ထိန်းချုပ်နိုင်ပြီး တစ်နာရီကို ၁၅ ကီလိုမီတာအထိ အမြန်နှုန်းနဲ့ သွားလာနိုင်ပါတယ်။
စက်ရုပ်တွေဟာ ရန်သူကို ကိုယ်တိုင်ခွဲခြားနိုင်ပြီး ပစ်မှတ်ထားနိုင်စွမ်းရှိပေမဲ့ တိုက်ခိုက်မှုမလုပ်ခင်မှာတော့ လူသားအော်ပရေတာရဲ့ အတည်ပြုချက်ကို ရယူရဦးမှာဖြစ်ပါတယ်။ အဲဒီအပြင် တရုတ်နိုင်ငံဟာ ဒရုန်းအစင်း ၉၀ ကျော်ကို အော်ပရေတာတစ်ဦးတည်းက ထိန်းချုပ်နိုင်တဲ့ “Atlas” စနစ်နဲ့ ဒရုန်းတွေကို ဖျက်ဆီးနိုင်တဲ့ လေဆာလက်နက်တွေကိုပါ တီထွင်ထားပါတယ်။ အထူးသဖြင့် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရရင်တောင် ဒရုန်းအချင်းချင်း တစ်စင်းနဲ့တစ်စင်း စိတ်ချင်းသိသလို နားလည်ပြီး စစ်ဆင်ရေးအောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ရည်မှန်းထားတာပါ။
အခုလို လူမဲ့စနစ် (Unmanned Systems) တွေကို ပင်လယ်ပြင်ကင်းလှည့်တာတွေမှာပါ အသုံးပြုနေပြီး နည်းပညာတိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ ပါဝင်ပတ်သက်မှုမလိုဘဲ အုပ်စုလိုက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တာဝန်ထမ်းဆောင်နိုင်တဲ့ အဆင့်အထိ ရောက်ရှိလာဖို့ တရုတ်က ကြိုးပမ်းနေပါတယ်။ ဒါဟာ နောင်လာမယ့် စစ်ပွဲတွေမှာ AI နဲ့ စက်ရုပ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်တေအထိ အရေးပါလာမလဲဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။
#DigitalTimes _Ref : South China Morning Post




