QR Code စနစ္သစ္ျဖင့္ ဆီေရာင္းခ်မႈစတင္—မသမာမႈမ်ားေၾကာင့္ ဆိုင္အခ်ိဳ႕ပိတ္သိမ္း၊ ယာဥ္ျဖည့္တင္းမႈေလ်ာ့က်

QR Code စနစ္သစ္ျဖင့္ ဆီေရာင္းခ်မႈစတင္—မသမာမႈမ်ားေၾကာင့္ ဆိုင္အခ်ိဳ႕ပိတ္သိမ္း၊ ယာဥ္ျဖည့္တင္းမႈေလ်ာ့က်
=====================
ႏိုင္ငံေတာ္တြင္ စက္သုံးဆီကို စနစ္တက်သုံးစြဲႏိုင္ေစရန္ႏွင့္ ေလလြင့္ဆုံးရႈံးမႈ ေလ်ာ့နည္းေစရန္ ရည္႐ြယ္၍ Bar Code/QR Code စနစ္သစ္ျဖင့္ ၂၀၂၆ ခုႏွစ္ မတ္လ ၂၇ ရက္ေန႔မွ စတင္ကာ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနမွ ထုတ္ျပန္သည္။

အဆိုပါစနစ္ကို ပဲခူး၊ ျပင္ဦးလြင္ႏွင့္ ရန္ကုန္-မႏၲေလး လမ္းေဟာင္းအပါအဝင္ အျမန္လမ္းမႀကီးတစ္ေလွ်ာက္တြင္လည္း ယေန႔မွစတင္ အသုံးျပဳေနၿပီျဖစ္ၿပီး နည္းပညာဆိုင္ရာ အခက္အခဲမ်ားႏွင့္ မသမာမႈမ်ားကို ေျဖရွင္းႏိုင္ရန္ Online Monitoring Center မွ ေစာင့္ၾကည့္ျခင္း၊ Call Center ဖြင့္လွစ္၍ ျပန္လည္ေျဖရွင္းျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

QR Code စနစ္အသုံးျပဳမႈႏွင့္ စနစ္ေဟာင္းတို႔ကို ႏႈိင္းယွဥ္ၾကည့္ရာတြင္ စက္သုံးဆီျဖည့္တင္းသည့္ ယာဥ္အေရအတြက္မ်ား ေလ်ာ့က်သြားေၾကာင္း ေတြ႕ရွိရသည္။ မတ္ ၂၅ ရက္ေန႔တြင္ ဆိုင္ကယ္ႏွင့္ သုံးဘီးယာဥ္ ၁၈၉,၉၀၇ စီး၊ ေမာ္ေတာ္ယာဥ္ ၁၃၈,၁၅၇ စီး ျဖည့္တင္းခဲ့ေသာ္လည္း မတ္ ၂၇ ရက္ေန႔တြင္ ဆိုင္ကယ္ႏွင့္ သုံးဘီး ၁၄၉,၆၉၀ စီး၊ ေမာ္ေတာ္ယာဥ္ ၁၀၅,၃၄၅ စီးသို႔ ေလ်ာ့က်သြားခဲ့သည္။ ထို႔အျပင္ မတ္ ၂၆ ရက္ေန႔ႏွင့္ မတ္ ၂၈ ရက္ေန႔အၾကားလည္း ဆင္တူသေဘာျဖင့္ ေလ်ာ့က်မႈမ်ား ေတြ႕ရွိရသည္။

သို႔ရာတြင္ စက္သုံးဆီေဈးႏႈန္းျမင့္တက္လာမႈကို အခြင့္ေကာင္းယူ၍ အခ်ိဳ႕အေရာင္းဆိုင္မ်ားမွ ေရာင္းခ်မႈမျပဳဘဲ ပိတ္ထားျခင္း၊ QR Code မစကန္ဘဲ ေရာင္းခ်ျခင္းႏွင့္ Taxi ယာဥ္မ်ားမွ ခြဲတမ္းစနစ္ကို မသမာအသုံးျပဳျခင္းတို႔ေၾကာင့္ ဖြင့္လွစ္ေရာင္းခ်ေနေသာ ဆိုင္မ်ားတြင္ ယာဥ္တန္းစီမႈ ပိုမိုလာေၾကာင္း စစ္ေဆးေတြ႕ရွိရသည္။

ထိုကဲ့သို႔ မသမာမႈမ်ားအေပၚ အေရးယူေဆာင္႐ြက္မႈအျဖစ္ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ရွိ “ေ႐ႊပိုး” ဆိုင္၊ မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ “ေ႐ႊျခေသၤ့” ႏွင့္ “ေအာင္သိဒၶိ” စက္သုံးဆီအေရာင္းဆိုင္မ်ားကို လိုင္စင္ယာယီပိတ္သိမ္းထားၿပီး သက္ဆိုင္ရာ မန္ေနဂ်ာမ်ားႏွင့္ ဝန္ထမ္းမ်ားကို ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

ထို႔အျပင္ တရားမဝင္ စက္သုံးဆီ သိုေလွာင္ထားရွိမႈႏွင့္ပတ္သက္၍ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ လူတစ္ဦးအား စစ္ေဆးေတြ႕ရွိထားၿပီး အမႈဖြင့္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လယ္ယာစိုက္ပ်ိဳးေရးက႑အတြက္ လိုအပ္ေသာ စက္သုံးဆီမ်ားကိုလည္း သက္ဆိုင္ရာ ေဒသအာဏာပိုင္မ်ား၏ ေထာက္ခံခ်က္ျဖင့္ သတ္မွတ္ထားေသာ ဆိုင္မ်ားမွ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

စြမ္းအင္ဝန္ႀကီးဌာနက ျပည္သူမ်ားအား စက္သုံးဆီဝယ္ယူမႈတြင္ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ားႏွင့္ မသမာမႈမ်ားကို Call Center သို႔ တိက်စြာ တိုင္ၾကားေပးရန္ တိုက္တြန္းထားသည္။ #PAN


QR Code စနစ်သစ်ဖြင့် ဆီရောင်းချမှုစတင်—မသမာမှုများကြောင့် ဆိုင်အချို့ပိတ်သိမ်း၊ ယာဉ်ဖြည့်တင်းမှုလျော့ကျ
=====================
နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ Bar Code/QR Code စနစ်သစ်ဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့မှ စတင်ကာ ရောင်းချပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါစနစ်ကို ပဲခူး၊ ပြင်ဦးလွင်နှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းအပါအဝင် အမြန်လမ်းမကြီးတစ်လျှောက်တွင်လည်း ယနေ့မှစတင် အသုံးပြုနေပြီဖြစ်ပြီး နည်းပညာဆိုင်ရာ အခက်အခဲများနှင့် မသမာမှုများကို ဖြေရှင်းနိုင်ရန် Online Monitoring Center မှ စောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်၍ ပြန်လည်ဖြေရှင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

QR Code စနစ်အသုံးပြုမှုနှင့် စနစ်ဟောင်းတို့ကို နှိုင်းယှဉ်ကြည့်ရာတွင် စက်သုံးဆီဖြည့်တင်းသည့် ယာဉ်အရေအတွက်များ လျော့ကျသွားကြောင်း တွေ့ရှိရသည်။ မတ် ၂၅ ရက်နေ့တွင် ဆိုင်ကယ်နှင့် သုံးဘီးယာဉ် ၁၈၉,၉၀၇ စီး၊ မော်တော်ယာဉ် ၁၃၈,၁၅၇ စီး ဖြည့်တင်းခဲ့သော်လည်း မတ် ၂၇ ရက်နေ့တွင် ဆိုင်ကယ်နှင့် သုံးဘီး ၁၄၉,၆၉၀ စီး၊ မော်တော်ယာဉ် ၁၀၅,၃၄၅ စီးသို့ လျော့ကျသွားခဲ့သည်။ ထို့အပြင် မတ် ၂၆ ရက်နေ့နှင့် မတ် ၂၈ ရက်နေ့အကြားလည်း ဆင်တူသဘောဖြင့် လျော့ကျမှုများ တွေ့ရှိရသည်။

သို့ရာတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များမှ ရောင်းချမှုမပြုဘဲ ပိတ်ထားခြင်း၊ QR Code မစကန်ဘဲ ရောင်းချခြင်းနှင့် Taxi ယာဉ်များမှ ခွဲတမ်းစနစ်ကို မသမာအသုံးပြုခြင်းတို့ကြောင့် ဖွင့်လှစ်ရောင်းချနေသော ဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလာကြောင်း စစ်ဆေးတွေ့ရှိရသည်။

ထိုကဲ့သို့ မသမာမှုများအပေါ် အရေးယူဆောင်ရွက်မှုအဖြစ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” ဆိုင်၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ “ရွှေခြင်္သေ့” နှင့် “အောင်သိဒ္ဓိ” စက်သုံးဆီအရောင်းဆိုင်များကို လိုင်စင်ယာယီပိတ်သိမ်းထားပြီး သက်ဆိုင်ရာ မန်နေဂျာများနှင့် ဝန်ထမ်းများကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ထို့အပြင် တရားမဝင် စက်သုံးဆီ သိုလှောင်ထားရှိမှုနှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လူတစ်ဦးအား စစ်ဆေးတွေ့ရှိထားပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သော စက်သုံးဆီများကိုလည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ထောက်ခံချက်ဖြင့် သတ်မှတ်ထားသော ဆိုင်များမှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ပြည်သူများအား စက်သုံးဆီဝယ်ယူမှုတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် မသမာမှုများကို Call Center သို့ တိကျစွာ တိုင်ကြားပေးရန် တိုက်တွန်းထားသည်။ #PAN