မတ္လႏွင့္ဧၿပီလအတြင္း အပူဒဏ္ျပင္းထန္ႏိုင္၍ ျပည္သူမ်ားသတိထားရန္လို

မတ္လႏွင့္ဧၿပီလအတြင္း အပူဒဏ္ျပင္းထန္ႏိုင္၍ ျပည္သူမ်ားသတိထားရန္လို
=====================
မတ္လႏွင့္ ဧၿပီလအတြင္း ေန႔အပူခ်ိန္မ်ား သိသိသာသာ ျမင့္တက္လာႏိုင္ေၾကာင္းႏွင့္ အပူဒဏ္ေၾကာင့္ က်န္းမာေရးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္သျဖင့္ ျပည္သူမ်ား အထူးသတိထားရန္ သက္ဆိုင္ရာမွ သတိေပးခ်က္ ထုတ္ျပန္ထားသည္။
ထုတ္ျပန္ခ်က္အရ ေယဘုယ်အားျဖင့္ အပူခ်ိန္ ၂၇ ဒီဂရီစင္တီဂရိတ္မွ ၃၂ ဒီဂရီစင္တီဂရိတ္အတြင္း ၾကာရွည္စြာ ရွိေနပါက ေမာပန္းျခင္း၊ ေခါင္းမူးျခင္းႏွင့္ ေခါင္းကိုက္ျခင္းတို႔ ျဖစ္ေပၚႏိုင္ၿပီး သာမန္သတိထားရမည့္ အဆင့္ျဖစ္ေၾကာင္း သိရသည္။
အပူခ်ိန္ ၃၂ ဒီဂရီမွ ၄၁ ဒီဂရီစင္တီဂရိတ္အတြင္း ေရာက္ရွိပါက ႂကြက္တက္ျခင္းႏွင့္ အပူေၾကာင့္ပင္ပန္းႏြမ္းနယ္ျခင္း (Heat Exhaustion) ျဖစ္ႏိုင္ၿပီး အထူးသတိထားရမည့္ အဆင့္သို႔ ေရာက္ရွိလာေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ အပူခ်ိန္ ၄၁ ဒီဂရီမွ ၅၄ ဒီဂရီစင္တီဂရိတ္အတြင္းတြင္ အပူလွ်ပ္ျခင္း (Heat Stroke) ျဖစ္ႏိုင္ေျခ အလြန္ျမင့္မားလာၿပီး အႏၲရာယ္ရွိေသာ အဆင့္ျဖစ္ကာ ၅၄ ဒီဂရီစင္တီဂရိတ္အထက္ ေရာက္ရွိပါက အသက္အႏၲရာယ္ရွိႏိုင္ေၾကာင္းလည္း သတိေပးထားသည္။
အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္းျဖစ္ေပၚပါက ပ်ိဳ႕ျခင္း၊ ဂနာမၿငိမ္ျခင္း၊ ႂကြက္တက္ျခင္း၊ ႂကြက္သားအားေပ်ာ့ျခင္း၊ ေခါင္းကိုက္ျခင္း၊ ေရဆာျခင္းႏွင့္ ေခြၽးအလြန္အကြၽံထြက္ျခင္းတို႔ကဲ့သို႔ လကၡဏာမ်ား ေတြ႕ရွိႏိုင္သည္။
အေျခအေန ပိုမိုဆိုး႐ြားလာပါက အေရျပားပူ၍ ေျခာက္ေသြ႕ျခင္း သို႔မဟုတ္ ေခြၽးအလြန္အကြၽံထြက္ျခင္း၊ စိတ္ရႈပ္ေထြးျခင္း၊ သတိလစ္ျခင္းႏွင့္ တက္ျခင္းတို႔ ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။
အပူဒဏ္အႏၲရာယ္ ခံစားရသူမ်ားကို ေတြ႕ရွိပါက အေရးေပၚ ေရွးဦးျပဳစုမႈမ်ား ျပဳလုပ္ေပးၿပီး နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းမ်ားသို႔ အျမန္ဆုံး ပို႔ေဆာင္၍ ေဆးကုသမႈ ခံယူေစသင့္ေၾကာင္း သက္ဆိုင္ရာမွ တိုက္တြန္းထားသည္။
မတ်လနှင့်ဧပြီလအတွင်း အပူဒဏ်ပြင်းထန်နိုင်၍ ပြည်သူများသတိထားရန်လို
=====================
မတ်လနှင့် ဧပြီလအတွင်း နေ့အပူချိန်များ သိသိသာသာ မြင့်တက်လာနိုင်ကြောင်းနှင့် အပူဒဏ်ကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ အထူးသတိထားရန် သက်ဆိုင်ရာမှ သတိပေးချက် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ ယေဘုယျအားဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ကြာရှည်စွာ ရှိနေပါက မောပန်းခြင်း၊ ခေါင်းမူးခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး သာမန်သတိထားရမည့် အဆင့်ဖြစ်ကြောင်း သိရသည်။
အပူချိန် ၃၂ ဒီဂရီမှ ၄၁ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်ရှိပါက ကြွက်တက်ခြင်းနှင့် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဖြစ်နိုင်ပြီး အထူးသတိထားရမည့် အဆင့်သို့ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။
ထို့ပြင် အပူချိန် ၄၁ ဒီဂရီမှ ၅၄ ဒီဂရီစင်တီဂရိတ်အတွင်းတွင် အပူလျှပ်ခြင်း (Heat Stroke) ဖြစ်နိုင်ခြေ အလွန်မြင့်မားလာပြီး အန္တရာယ်ရှိသော အဆင့်ဖြစ်ကာ ၅၄ ဒီဂရီစင်တီဂရိတ်အထက် ရောက်ရှိပါက အသက်အန္တရာယ်ရှိနိုင်ကြောင်းလည်း သတိပေးထားသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပေါ်ပါက ပျို့ခြင်း၊ ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်း၊ ကြွက်သားအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်းနှင့် ချွေးအလွန်အကျွံထွက်ခြင်းတို့ကဲ့သို့ လက္ခဏာများ တွေ့ရှိနိုင်သည်။
အခြေအနေ ပိုမိုဆိုးရွားလာပါက အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အပူဒဏ်အန္တရာယ် ခံစားရသူများကို တွေ့ရှိပါက အရေးပေါ် ရှေးဦးပြုစုမှုများ ပြုလုပ်ပေးပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး ပို့ဆောင်၍ ဆေးကုသမှု ခံယူစေသင့်ကြောင်း သက်ဆိုင်ရာမှ တိုက်တွန်းထားသည်။




