CNG Taxi မ်ား ငွားရမ္းခတိုးေတာင္းပါက CNG အသုံးျပဳခြင့္ ပယ္ဖ်က္မည္

CNG Taxi မ်ား ငွားရမ္းခတိုးေတာင္းပါက CNG အသုံးျပဳခြင့္ ပယ္ဖ်က္မည္
====================
စက္သုံးဆီေဈးႏႈန္းမ်ား ျမင့္တက္လာမႈကို အခြင့္ေကာင္းယူၿပီး ငွားရမ္းခ တိုးျမႇင့္ေတာင္းခံသည့္ CNG Taxi မ်ားကို CNG အသုံးျပဳခြင့္စာရင္းမွ ပယ္ဖ်က္ကာ အျခားေမာ္ေတာ္ယာဥ္မ်ားကို အစားထိုးခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနက အသိေပးထားေၾကျငာထားေၾကာင္း သိရသည္။

မတ္လ ၁၅ ရက္ေန႔တြင္က်င္းပသည့္ အစည္းအေဝးအတြင္း စြမ္းအင္ဝန္ႀကီး ဦးကိုကိုလြင္က ယင္းကိစၥႏွင့္ပတ္သက္၍ ေျပာၾကားခဲ့ၿပီး ႏိုင္ငံေတာ္မွ ေပးအပ္ထားသည့္ အခြင့္အေရးမ်ားကို ျပည္သူမ်ားအက်ိဳးအတြက္ အသုံးခ်ႏိုင္ရန္ သက္ဆိုင္ရာ ယာဥ္ပိုင္ရွင္မ်ားႏွင့္ ယာဥ္ေမာင္းမ်ားက ပူးေပါင္းေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း ‌သိရသည္။

လက္ရွိတြင္ YBS ႏွင့္ Taxi ယာဥ္မ်ားအတြက္ CNG တစ္ကီလိုဂရမ္ကို က်ပ္ ၂၇၃ ဒသမ ၂၅ ႏႈန္းျဖင့္ ၂၀၀၇ ခုႏွစ္မွစတင္၍ ေရာင္းခ်ေပးလ်က္ရွိၿပီး ယင္းေဈးႏႈန္းမွာ ႏိုင္ငံတကာေဈးႏႈန္းမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ထက္ဝက္ခန႔္ သက္သာေနေၾကာင္း သိရသည္။

CNG Taxi ငွားရမ္းသူမ်ားအေနျဖင့္ မတရားငွားရမ္းခတိုးျမႇင့္ေတာင္းခံျခင္းမ်ား ႀကဳံေတြ႕ပါက ၫႊန္ၾကားေရးမႉး (CNG) ဖုန္းနံပါတ္ ၀၉-၇၉၄၁၁၅၄၁၀ ႏွင့္ ၀၉-၂၆၂၄၆၇၀၇၇ သို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

မၾကာမီကာလအတြင္း CNG အသုံးျပဳသည့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ Metering စနစ္မ်ား တပ္ဆင္ျခင္းႏွင့္ နည္းပညာအသုံးျပဳ၍ စီမံထိန္းခ်ဳပ္ ျဖန႔္ျဖဴးႏိုင္ေရးတို႔ကို ေဆာင္႐ြက္သြားရန္ စီစဥ္ထားေၾကာင္းလည္း စြမ္းအင္ဝန္ႀကီးက ထပ္ေလာင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

လက္ရွိျဖစ္ေပၚေနသည့္ စက္သုံးဆီအက်ပ္အတည္းကို ေျဖရွင္းႏိုင္ရန္အတြက္ စက္သုံးဆီသုံးစြဲမႈ ေခြၽတာေရး၊ အရန္စက္သုံးဆီ သိုေလွာင္ပမာဏ တိုးျမႇင့္ေရး၊ စက္သုံးဆီတင္သြင္းေရး အရန္လမ္းေၾကာင္းမ်ား ရွာေဖြေရးႏွင့္ ႏိုင္ငံတကာႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးတို႔ကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။


CNG Taxi များ ငှားရမ်းခတိုးတောင်းပါက CNG အသုံးပြုခွင့် ပယ်ဖျက်မည်
====================
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကို အခွင့်ကောင်းယူပြီး ငှားရမ်းခ တိုးမြှင့်တောင်းခံသည့် CNG Taxi များကို CNG အသုံးပြုခွင့်စာရင်းမှ ပယ်ဖျက်ကာ အခြားမော်တော်ယာဉ်များကို အစားထိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားကြေငြာထားကြောင်း သိရသည်။

မတ်လ ၁၅ ရက်နေ့တွင်ကျင်းပသည့် အစည်းအဝေးအတွင်း စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ယင်းကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး နိုင်ငံတော်မှ ပေးအပ်ထားသည့် အခွင့်အရေးများကို ပြည်သူများအကျိုးအတွက် အသုံးချနိုင်ရန် သက်ဆိုင်ရာ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများက ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ‌သိရသည်။

လက်ရှိတွင် YBS နှင့် Taxi ယာဉ်များအတွက် CNG တစ်ကီလိုဂရမ်ကို ကျပ် ၂၇၃ ဒသမ ၂၅ နှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစတင်၍ ရောင်းချပေးလျက်ရှိပြီး ယင်းဈေးနှုန်းမှာ နိုင်ငံတကာဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေကြောင်း သိရသည်။

CNG Taxi ငှားရမ်းသူများအနေဖြင့် မတရားငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ပါက ညွှန်ကြားရေးမှူး (CNG) ဖုန်းနံပါတ် ၀၉-၇၉၄၁၁၅၄၁၀ နှင့် ၀၉-၂၆၂၄၆၇၀၇၇ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

မကြာမီကာလအတွင်း CNG အသုံးပြုသည့် မော်တော်ယာဉ်များတွင် Metering စနစ်များ တပ်ဆင်ခြင်းနှင့် နည်းပညာအသုံးပြု၍ စီမံထိန်းချုပ် ဖြန့်ဖြူးနိုင်ရေးတို့ကို ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း စွမ်းအင်ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် စက်သုံးဆီသုံးစွဲမှု ချွေတာရေး၊ အရန်စက်သုံးဆီ သိုလှောင်ပမာဏ တိုးမြှင့်ရေး၊ စက်သုံးဆီတင်သွင်းရေး အရန်လမ်းကြောင်းများ ရှာဖွေရေးနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။