ရီယိုအိုလံပစ်ပွဲ မတိုင်မီ အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေသူများကို ဘရာဇီးရဲများ ဖမ်းဆီး
ဘရာဇီးနိုင်ငံတွင် ကျင်းပသွားမည့် ရီယိုအိုလံပစ်ပွဲမတိုင်ခင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ကြံစည်ထားသူ အုပ်စုတစ်စုအား ရဲများက ဖမ်းဆီး လိုက်နိုင်ကြောင်း ဇူလိုင် ၂၁ ရက်က တာဝန်ရှိသူများက ပြောသည်။
ယခုဖမ်းဆီးရမိခဲ့သော အဖွဲ့ဝင်ဆယ်ဦးပါ အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်ရှိ အစ္စလမ္မစ် အကြမ်းဖက်အုပ်စု-အိုင်အက်စ်တို့ကို သစ္စာခံသည်ဟု ထုတ်ဖော် ပြောကြားထားသည်။
လာမည့် သြဂုတ်လ ၅ ရက်တွင် စတင်ကျင်းပတော့မည့် ရီယိုဒီဂျနေးရိုး အိုလံပစ်ပွဲမတိုင်ခင် နိုင်ငံတွင် လုပ်ဆောင် နေသော အာဏာပိုင်များ၏ လုံခြုံရေး အစီအမံများအပေါ်တွင် လူထုက ပြင်းထန်စွာဝေဖန်မှုများလည်း ရှိနေသည်။
သို့သော် ယခုဖမ်းဆီးရမိခဲ့သော ဘရာဇီးနိုင်ငံသားများအဖွဲ့မှာ အတွေ့အကြုံနုနယ်သေးသည့် အုပ်စုတစ်စုဖြစ်ပြီး မည်သည့်ပစ်မှတ်ကိုမှ ချမှတ်ထားနိုင်ခြင်း မရှိသေးကြောင်း ဘရာဇီး တရားရေးဝန်ကြီး အလက်ဇန်းဒါး ဒီမိုရာ့စ် က ရှင်းပြသည်။
အကြမ်းဖက်မှုများ လုပ်ဆောင်ရန် စီစဉ်နေကြသည်ဆိုသူ အဆိုပါ အဖွဲ့ဝင်ဆယ်ဦးကို နိုင်ငံရှိ မတူညီသော ပြည်နယ်ဆယ်ခုမှ အသီးသီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ တစ်ဦးနှင့်တစ်ဦး အွန်လိုင်း အက်ပလီကေးရှင်း များဖြစ်သော WhatsApp နှင့် Telegram တို့ဖြင့် ဆက်သွယ်နေခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
“ သူတို့ထဲက တစ်ချို့ဟာ အင်တာနက်ပေါ်ကနေပဲ အိုင်အက်စ်ကို သစ္စာခံတယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ထား ပါတယ်၊ ဒါပေမယ့် လက်တွေ့မှာတော့ အိုင်အက်စ်အဖွဲ့နှင့် ပုဂ္ဂိုလ်ချင်း တွေ့ဆုံဖူးထားတာမျိုးလည်း မရှိသေးပါဘူး” ဟု ဒီမိုရာ့စ်က ပြောပြသွားသည်။
Ref; CAN