ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ(၂)ဦးလှထွန်း ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံ

===========================
ဒီဇင်ဘာ ၂ တောင်ကြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးလှထွန်း၊ ဗဟိုအလုပ်မှုဆောင်၊ပါတီပြောရေးဆိုခွင့်ရှိသူဦးလှသိန်း၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်း၊ရှမ်းပြည်နယ်တောင်ပိုင်းပါတီ ဥက္ကဋ္ဌဦးစိုင်းလုံးကျော်၊ရှမ်းပြည်နယ်မြောက်ပိုင်းဥက္ကဌဒေါက်တာမျိုးထွန်းတို့သည် ၂.၁၂.၂၀၂၅၊ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးတွင် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးတွင် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးလှထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ” ကိုယ်စားလှယ်တစ်ဦးချင်းအနိုင်ရရှိနိုင်ရန်လိုအပ်သလို၊ပါတီအောင်နိုင်ရန်လည်းလိုအပ်ကြောင်း၊FPTP PR ခွဲခြားမနေပဲ မိမိတို့ပါတီအောင်နိုင်ရေးအတွက် ဝိုင်းဝန်းကျိုးပန်းကြရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များ၊စည်းမျဉ်းစည်းကမ်းများ၊ဥပဒေများ၊နည်းဥပဒေများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ရက်ပေါင်း ၂၀ ကျော်သာကျန်ရှိတော့သည့်အတွက် အရေးကြီးကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊မိမိတို့လုပ်ဆောင်ထားသည့်လုပ်ဆောင်ချက်များအားမှတ်တမ်းများတကွဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း “ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက်ပါတီဗဟိုအလုပ်မှုဆောင် ဥပဒေရေးရာဌာနနှင့် လွှတ်တော်ရေးရာကော်မတီ တာဝန်ခံဦးလှသိန်းမှ ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများ ဆောင်ရန်၊ရှောင်ရန်ဥပဒေများ၊မဲဆွယ်စည်းရုံးရေး ကိစ္စရပ်များ၊ ကိုယ်စားလှယ်တစ်ဦး ကျင့်သုံးနေထိုင်ဆောင်ရွက်ရမည့် ဆောင်ရန် ရှောင်ရန်အချက်များအား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက မိမိတို့မဲဆန္ဒနယ်မြေအတွင်း ဆောင်ရွက်နေမှုများ၊ သိရှိလိုသည့်အချက်များအား တင်ပြမေးမြန်းရာ ပါတီဒုတိယဥက္ကဋ္ဌ (၂)ဦးလှထွန်း ၊ ပါတီဗဟိုအလုပ်မှုဆောင်ဦးလှသိန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် ပါတီဒုဥက္ကဋ္ဌ(၂)ဦးလှထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို မွန်းလွဲ ၁ နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။