ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်နှင့်အလုပ်အကိုင် စကားဝိုင်းသို့ တက်ရောက်ဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်နှင့်အလုပ်အကိုင် စကားဝိုင်းသို့ တက်ရောက်ဆွေးနွေး

==============

နိုဝင်ဘာ ၂၊ နေပြည်တော်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ် ပါတီရုံးခန်းမတွင် ပြုလုပ်သော လူငယ်နှင့် အလုပ်အကိုင် စကားဝိုင်းသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 

လူငယ်စကားဝိုင်းကို နိုင်ငံတော်အလံ အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ပါတီဖြစ်ပေါ်လာမှုသမိုင်းကြောင်း၊ ပါတီဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ နိုင်ငံတစ်နိုင်ငံတွင် ရွေးကောက်ပွဲတစ်ခု၏ အရေးပါဝင်မှု၊ နိုင်ငံသားတစ်ဉီး၏ တာဝန်ဖြစ်သည့် ရွေးကောက်ပွဲတွင် မဲပေးရေးနှင့် သေချာရွေးချယ်ဆုံးဖြတ်ပြီးမှ မဲပေးကြရန် ရှင်းလင်းပြောကြားပါသည်။

 

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် စကားဝိုင်းသို့ တက်ရောက်လာကြသော လူငယ်များမှ တင်ပြမေးမြန်းသော လူငယ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ တည်ငြိမ်အေးချမ်းလွတ်လပ်သော လူမှုဘဝများနှင့် ငြိမ်းချမ်းရေးကဏ္ဍ၊ လူငယ်နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ လူငယ်နှင့် ပညာရေးကဏ္ဍ၊ လူငယ်နှင့် ပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူငယ်နှင့် အားကစားကဏ္ဍ၊ လူငယ်နှင့် IT နည်းပညာကဏ္ဍများအား လူငယ်များနှင့် အပြန်အလှန်ရင်းနှီးနွေးထွေးစွာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းအား ညနေ ၄ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

 

အဆိုပါစကားဝိုင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဉီးခင်ရီ၊ ဇေယျာသီရိခရိုင်/မြို့နယ်ပါတီမှ တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူ လူငယ် (၃၀)ကျော်တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။