အိန္ဒိယ-တရုတ် တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်

အိန္ဒိယ-တရုတ် တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်
==================
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ငါးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သည့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမှုများကို တနင်္ဂနွေနေ့တွင် ပြန်လည်စတင်ခဲ့သည်။ အာရှ၏ အင်အားကြီးနှစ်နိုင်ငံသည် ဆက်ဆံရေးကို သတိရှိစွာဖြင့် ပြန်လည်တည်ဆောက်နေချိန်တွင် ကုန်သွယ်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်။
ကိုလ်းကတ္တားမှလာသော IndiGo လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် 6E1703 သည် နံနက် ၄ နာရီထိုးလုထိုးခင်တွင် တရုတ်တောင်ပိုင်းမြို့ ကွမ်ကျိူးသို့ ဆင်းသက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် နောက်ဆက်တွဲ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ ရပ်နားထားခဲ့သည့် တိုက်ရိုက်လေကြောင်းပြေးဆွဲမှုကို တရားဝင်ပြန်လည်စတင်ခဲ့သည်။
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် အိမ်နီးချင်းနှစ်နိုင်ငံသည် ဒေသတွင်း လွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်နေသော အရေးကြီးသော ပြိုင်ဘက်များအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ၂၀၂၀ ပြည့်နှစ်က ဟိမဝန္တာနယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ၌ တင်းမာခဲ့သောဆက်ဆံရေးသည် တဖြည်းဖြည်းပြေလျော့လာခဲ့သည်။
လေယာဉ်ခရီးစဉ်များ ကို ပြန်လည်စတင်ခြင်းသည် ပြည်သူအချင်းချင်း ဆက်သွယ်မှုကို မြှင်တင့်ပေးကာ နှစ်နိုင်ငံ အပြန်အလှန်ဖလှယ်မှုများကို တဖြည်းဖြည်း ချင်ူ ပုံမှန်ပြန်ဖြစ်လာစေရန် အထောက်အကူပြုလိမ့်မည်ဟု အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ဟောင်ကောင်အကြား ပုံမှန်လေယာဉ်ခရီးစဉ်များ ရှိနှင့်ပြီးဖြစ်ကာ မြို့တော်နူးဒေလီမှသည် ရှန်ဟိုင်းနှင့် ကွမ်ကျိုးဒေသများသို့ ထပ်တိုးဝန်ဆောင်မှုများကို နိုဝင်ဘာလတွင် စတင်မည်ဖြစ်သည်။
တိုက်ရိုက်လေကြောင်းချိတ်ဆက်မှုသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် လေယာဉ်ပြောင်းစီးရသဖြင့် ကြာ သောအချိန်ကို လျှော့ချပေးလိမ့်မည်ဟု ကိုလ်ကတ္တားရှိ အိန္ဒိယကုန်သည်ကြီးများအသင်း၏ အကြီးအကဲ ရာဂျစ်ဗ်ဆင်းက အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး ယင်းသို့ တိုက်ရိုက် ပျံသန်းခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အကျိူးရှိစေလိမ့်မည်ဟု ဆိုခဲ့သည်။ #Popular




