အဖိုးတန်ရတနာတွေ အခိုးခံရပြီးနောက် ပါရီမြို့က ကမ္ဘာကျော် လုဗ် ပြတိုက် ဆက်လက်ပိတ်ထား
အဖိုးတန်ရတနာတွေ အခိုးခံရပြီးနောက် ပါရီမြို့က ကမ္ဘာကျော် လုဗ် ပြတိုက် ဆက်လက်ပိတ်ထား
================
အဖိုးတန်ကျောက်မျက်ရတနာတွေ ခိုးယူခံရပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့က ကမ္ဘာကျော် လုဗ် ပြတိုက်ကို ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
လုဗ်ပြတိုက်ဟာ ကမ္ဘာမှာ နာမည်အကျော်ဆုံး အနုပညာလက်ရာတွေအပြင် နန်းစင်ရတနာတွေနဲ့ အဖိုးတန်ရတနာ ပစ္စည်းတွေထားရှိရာပြတိုက်ဖြစ်လို့ ကမ္ဘာမှာ လူအများဆုံး လာရောက်လည်ပတ်ကြည့်ရှုတဲ့ ပြတိုက်လည်းဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ်အာဏာပိုင်တွေရဲ့ပြောဆိုချက်တွေအရ အခိုးခံလိုက်ရတဲ့ ရတနာပစ္စည်း ၈ မျိုးရှိပြီး ၁၉ ရာစု လက်ရာတွေဖြစ်တဲ့ ဘယက်တွေ၊ ရင်ထိုးတွေ၊ နားဆွဲတွေ ပါဝင်သလို အားလုံးဟာ ပြင်သစ်ထီးနန်းစိုးခံခဲ့သူတွေနဲ့ တော်ဝင်သွေးတွေ ဆင်မြန်း ပိုင်ဆိုင်ခဲ့တဲ့ရတနာတွေဖြစ်တယ်လို့ သိရပါတယ်။
အခိုးခံလိုက်ရတဲ့ ရတနာတွေထဲမှာ နပိုလီယန် ၃ ရဲ့ ကြင်ရာ ဧကရီ ယူဂျင်းပိုင်တဲ့ သရဖူနဲ့ ရင်ထိုး၊ ဧကရီ မာရီ လူဝီ ဆင်မြန်းခဲ့တဲ့ မြဘယက်နဲ့ မြနားဆွဲ၊ ကြင်ရာတော် မိဖုရား မာရီ အာမလီနဲ့ ဟိုတန်တို့ ပိုင်တဲ့ နီလာ နားဆွဲ၊ ဘယက်နဲ့ သရဖူ၊ ”ကြုတ်ရင်ထိုး” လို့ခေါ်တဲ့ ရင်ထိုးတစ်ခု တို့ ဖြစ်တယ်လို့ ပြင်သစ် ယဉ်ကျေးမှု ဝန်ကြီးဌာနကပြောဆိုထားပြီး ဒီရတနာပစ္စည်းတွေကို စိန်နဲ့ တခြားအဖိုးတန်ကျောက်မျက်ပွင့် ထောင်ချီနဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၃ ဦးဟာ ပြင်သစ်စံတော်ချိန် တနင်္ဂနွေနေ့ မနက်အစောပိုင်း ပြတိုက်ဖွင့်ချိန်မှာ ပြတိုက်ထဲကို ဝင်ရောက်ခိုးယူခဲ့တာလို့ ထုတ်ပြန်ထားသလို ဧကရီ ယူဂျင်း ဆင်ခဲ့တဲ့ သရဖူ အပါအဝင် နောက်ထပ် ပစ္စည်းနှစ်ခုကိုတော့ အခင်းဖြစ်တဲ့နေရာမှာပဲ တွေ့ခဲ့ရပြီး သူခိုးတွေ ထွက်ပြေးဖို့ လုပ်နေချိန်မှာ ကျခဲ့ကျန်ခဲ့တာလို့ ဆိုပါတယ်။
ဘောလုံးကွင်း ၁၀ ကွင်းထက်ကျယ်တဲ့ပမာဏရှိတဲ့ ပါရီမြို့က လုဗ် ပြတိုက်ဟာ ကမ္ဘာမှာ အကြီးဆုံး ပြတိုက်ကြီးဖြစ်ပြီး စတုရန်း မီတာ ၇၃၀၀ နီးပါးရှိတယ်လို့ သိရပြီး ပြင်သစ်တော်ဝင်မိသားစုအတွက် နန်းတော်အဖြစ် ၁၅၄၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့က အဖိုးတန်ရတနာတွေ ခိုးယူခံရပြီးနောက် ပြတိုက်ကို ပိတ်ထားခိုက်တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုတော့ အဏာပိုင်တွေက ကြောညာမထားသေးပါဘူး။
မြို့ခံတွေကတော့ အခုလိုခိုးယူခံရမှုဟာ လုံခြုံရေးအားနည်းမှုကြောင့်လို့ ဝေဖန်ပြောဆိုနေကြတယ်လို့ သိရပါတယ်။