ထိုင်းတော်ဝင်ရေတပ်ရဲ့ Cessna O-2 (T-337) ကင်းထောက်လေယာဉ် အရေးပေါ်ဆင်းသက်မှုကြောင့် ဖူးခက်လေဆိပ် သုံးနာရီကြာ ပိတ်ထားခဲ့ရ

ထိုင်းတော်ဝင်ရေတပ်ရဲ့ Cessna O-2 (T-337) ကင်းထောက်လေယာဉ် အရေးပေါ်ဆင်းသက်မှုကြောင့် ဖူးခက်လေဆိပ် သုံးနာရီကြာ ပိတ်ထားခဲ့ရ

===============

ထိုင်းတော်ဝင်ရေတပ်ရဲ့ Cessna O-2 (T-337) ကင်းထောက်လေယာဉ်ဟာ အဆင်းဘီးချို့ယွင်းမှုကြောင့် အောက်တိုဘာ ၈ ရက်နေ့ မနက် ၁၁ နာရီ ၂၀ မိနစ်မှာ ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီလိုအ​ရေးပေါ်ဆင်းသက်ပြီးနောက် လေယာဉ်ပြေးလမ်းပိတ်သွားကာ ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သုံးနာရီကြာ ပိတ်ထားခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

လေဆိပ်ပိတ်ထားချိန်အတွင်း လေကြောင်းခရီးစဉ် ၁၇ ခု ထိခိုက်ခဲ့ပြီး လေယာဉ် ၇ စီး ဟာ သတ်မှတ်ချိန်အတိုင်း ဆင်းသက်နိုင်ခြင်းမရှိခဲ့သလို လေယာဉ် ၁၀ စီး ဟာလည်း မထွက်ခွာနိုင်တော့ပဲဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

စစ်တပ်ပိုင်လေယာဥ်အရေးပေါ်ဆင်းသက်ခဲ့ရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဖူးခက်လေဆိပ်နဲ့ ရေတပ်နှစ်ဖက်စလုံးက အတည်ပြုထားပါတယ်။

လေဆိပ်မှာ လေယာဉ်ပြေးလမ်း တစ်ခုတည်းသာ ရှိတာကြောင့် ပိတ်ထားချိန်အတွင်း လေကြောင်းခရီးစဉ်အချို့ကို ခရာဘီလေဆိပ်ကို လမ်းကြောင်းပြောင်းခိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းတော်ဝင်ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပါရတ် ရာတနာချိုင်ယာဖန်က Cessna O-2 (T-337) လေယာဉ်ဟာ ထိုင်းရေပိုင်နက် အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ မှောင်ခိုကူးခြင်းကို တားဆီးဖို့ ပင်လယ်ပြင်ကင်းလှည့်တာဝန်တစ်ခု ထမ်းဆောင်နေရာက အဆင်းဘီးချို့ယွင်းမှုကြောင့် မတော်တဆမှုဖြစ်ခဲ့တာလို့ ပြောပါတယ်။

“အခက်အခဲ ဖြစ်ပေါ်လာမှုအတွက် တောင်းပန်တယ်လို့” သူကဆိုပါတယ်။

Cessna O-2 Skymaster ဟာ အမေရိကန်ထုတ် Cessna 337 Super Skymaster ရဲ့ စစ်သုံး မျိုးကွဲ – အကဲကြည့်လေယာဉ်ဖြစ်ပြီး၊ ၁၉၆၇ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း အမေရိကန်တပ်မတော်က ရှေ့တန်းလေကြောင်း ကွပ်ကဲမှု (FAC) နဲ့ စိတ်ဓာတ်စစ်ဆင်ရေး (PSYOPS) တွေမှာ အသုံးပြုခဲ့တာလို့လည်း သိရပါတယ်

ထိုင်းရဲ့ Cessna O-2 Skymaster လေယာဉ်ဟာ သက်တမ်း ၄၂ နှစ် ရှိပြီ ဖြစ်ပြီး ထိုင်းတော်ဝင်ရေတပ်မှာ ၁၁ စီး တာဝန် ထမ်းဆောင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။