ဂျပန်မှာ တစ်ရက် ၂ နာရီထက်ကျော်ပြီး စမတ်ဖုန်း မသုံးရ!!!
ဂျပန်မှာ တစ်ရက် ၂ နာရီထက်ကျော်ပြီး စမတ်ဖုန်း မသုံးရ!!!
==================
စမတ်ဖုန်း အလွန်အကျွံ သုံးစွဲတာဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ အခုတော့ ဂျပန်နိုင်ငံက မြို့တစ်မြို့မှာတော့ အစိုးရကိုယ်တိုင်က ဖြေရှင်းချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ အလုပ်နဲ့ ကျောင်းချိန်ပြင်ပမှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို တစ်နေ့ နှစ်နာရီထက် ပိုမသုံးဖို့ အကြံပြုတဲ့ စည်းမျဉ်းပါပဲ။ ဒါပေမဲ့ ဒီစည်းမျဉ်းကို မလိုက်နာလို့ အပြစ်ပေးအရေးယူမှာတော့ မဟုတ်ပါဘူး။
Aichi ခရိုင်က Toyoake မြို့မှာ ပြဋ္ဌာန်းလိုက်တဲ့ ဒီစည်းမျဉ်းဟာ ဂျပန်မှာ ပထမဆုံးဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်မှာပါ။ အဓိကကတော့ နည်းပညာကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်တဲ့ အိပ်ရေးပျက်တာ၊ မိသားစုနဲ့ စကားပြောချိန်နည်းလာတာလိုမျိုး ဆိုးကျိုးတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။ စည်းမျဉ်းထဲမှာ မူလတန်းကျောင်းသားတွေကို ည ၉ နာရီနောက်ပိုင်း၊ အလယ်တန်းကျောင်းသားနဲ့အထက်ကိုတော့ ည ၁၀ နာရီနောက်ပိုင်း ဖုန်းမသုံးကြဖို့ အတိအလင်း တိုက်တွန်းထားပါတယ်။
မြို့တော်ဝန်ရဲ့ ပြောကြားချက်အရ ဒီ “နှစ်နာရီ” ဆိုတဲ့ ကန့်သတ်ချက်ကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာစွာအိပ်စက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေကို အခြေခံပြီး တွက်ချက်ထားတာပါ။
ဒီစည်းမျဉ်းက အုပ်ထိန်းသူတွေကိုလည်း ကိုယ့်အိမ်မှာ ကိုယ့်စည်းကမ်းနဲ့ သားသမီးတွေကို ထိန်းကျောင်းဖို့ တိုက်တွန်းထားပြီး မြို့တော်အာဏာပိုင်တွေကလည်း မိဘတွေအတွက် တိုင်ပင်ဆွေးနွေးပေးမယ့် အစီအစဉ်တွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းဟာ ဥပဒေအရ အရေးယူလို့မရပေမဲ့ နည်းပညာခေတ်မှာ ကျန်းမာတဲ့လူနေမှုဘဝပုံစံကို ဘယ်လိုဖန်တီးမလဲဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းတစ်ခုကိုတော့ မီးမောင်းထိုးပြလိုက်တာပါပဲ။
Ref : Bangkokpost
#DigitalTimes