အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိ

အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိ

======================

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား မာဒူအေကေဟာ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

မာဒူအေကေဟာ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

အစောပိုင်းမှာ ACL ဒဏ်ရာဖြစ်မှာကို အာဆင်နယ်အသင်း စိုးရိမ်ပူပန်ခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ (၆)ပတ်ကနေ (၈)ပတ်ဝန်းကျင်သာ အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ မာဒူအေကေအနေနဲ့ ရက်သတ္တပတ်အနည်းငယ် အနားယူမှာဖြစ်ကြောင်းနဲ့ နောက်တစ်ပတ် စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ပြီးမှသာ အတိအကျသိရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ကစားသမား မာဒူအေကေဟာ ဒီနွေမှာမှ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းကို ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အစောပိုင်းမှာ အာဆင်နယ်ပရိသတ်တွေက မလိုလားခဲ့ကြပေမဲ့ ရာသီစတင်ချိန်မှာ အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။