ထရမ့် က ပူတင်၊ ဇာလန်းစကီးတို့နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် လုပ်ဆောင်လို
ထရမ့် က ပူတင်၊ ဇာလန်းစကီးတို့နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် လုပ်ဆောင်လို
=====================
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ယူကရိန်းသမ္မတ ဗိုလိုဒိုမာ ဇာလန်း စကီးတို့နှင့်သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် လုပ်ဆောင်လိုကြောင်း Axios နှင့် CNN သတင်း ဌာနတို့က ဖော်ပြသည်။
ဩဂုတ်လ ၁၈ ရက်တွင် ထရမ့်က ၎င်း၏ရုံးခန်း၌ ဇာလန်စကီးနှင့်တွေ့ဆုံမည် ဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှုအောင်မြင်လျှင် သုံးပွင့်ဆိုင်ဆွေးနွေးမှုကို ဩဂုတ်လ ၂၂ ရက်တွင် လုပ်ဆောင် နိုင်ခြေရှိကြောင်း သတင်းဌာနများ၏ဖော်ပြချက်တွင် တွေ့ရသည်။
ထရမ့်နှင့်ပူတင်တို့သည် ဩဂုတ်လ ၁၅ ရက်တွင် အလက်စကာ ပြည်နယ် အန်ကားရေ့မြို့ရှိ စစ်အခြေစိုက်စခန်း၌ တွေ့ဆုံ၍ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာ ထိုဆွေးနွေးမှုသည် နွေးထွေးမှုရှိ ကြောင်း ထရမ့် က ပြောသည်။
အလားတူ ပူတင်ကလည်း ယင်းဆွေးနွေးမှုသည် ပွင့်လင်းမှုနှင့် ထိရောက်မှု ရှိသော ဆွေးနွေးပွဲဖြစ်သည် ဟု မှတ်ချက်ပြု ပြောထားသည်။ အဆိုပါ သမ္မတနှစ်ဦးသည် လက်ရှိယူကရိန်းပဋိပက္ခ စတင် ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မျက်နှာချင်းဆိုင်ဆွေးနွေးမှု လုပ်ဆောင်ခြင်းဖြစ်သည်။
အဆိုပါ အလက်စကာဆွေးနွေးမှုအပြီးတွင် ထရမ့် က ဇာလန်းစကီးထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း၊ ဇာလန်းစကီးနှင့်ဖုန်းပြောရာတွင် ဥရောပနိုင်ငံအချို့မှ ခေါင်းဆောင် များကလည်း ပါဝင်ခဲ့ကြောင်း၊ ထိုသို့ဖုန်းပြောစဉ် ထရမ့်က ၎င်းအနေဖြင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို လာမည့် ဩဂုတ်လ ၂၂ ရက်တွင်လုပ်ဆောင်ရန် စီစဉ်လိုသည်ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနများ က ဖော်ပြထားသည်။
ယခုလုပ်ဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများသည် ယာယီအပစ်အခတ်ရပ်စဲရေးရရှိမှုထက် ငြိမ်းချမ်းရေး သဘောတူညီ ချက်ရရှိမှုအထိ ရည်မှန်း၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထရမ့် ကပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက် အရ သိရသည်။