ရုရှားဗဟိုဘဏ်က ငွေကျပ်တစ်ထောင်ကို ရုရှားရူဘယ် ၃၇ ဒသမ ၉၉၀၃ နှင့်ညီမျှကြောင်း သတ်မှတ်


ရုရှားဗဟိုဘဏ်က ငွေကျပ်တစ်ထောင်ကို ရုရှားရူဘယ် ၃၇ ဒသမ ၉၉၀၃ နှင့်ညီမျှကြောင်း သတ်မှတ်

===============

ရုရှားဖက်ဒရေးရှင်းဗဟိုဘဏ်က မြန်မာ့ငွေကြေးကို တရားဝင်နိုင်ငံခြားငွေကြေးအဖြစ် သတ်မှတ်လိုက်ပြီး ရုရှားဗဟိုဘဏ်ကထုတ်ပြန်တဲ့ နိုင်ငံခြားငွေလဲနှုန်းမှာ မြန်မာကျပ်ငွေပါဝင်လာခဲ့ပါတယ်။

ရုရှားဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဩဂုတ်လ ၁၀ ရက်က မြန်မာကျပ်ငွေတစ်ထောင်ကို ရုရှားငွေကြေး ရူဘယ် ၃၇ ဒသမ ၉၉၀၃ နဲ့ ညီမျှတယ်လို့ သတ်မှတ်ခဲ့ပါတယ်။

မြန်မာကျပ်ငွေက ရုရှားဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းစာရင်းမှာ ဇူလိုင်လ ၁၂ ရက်က စတင်ပါဝင် လာခဲ့ပါတယ်။ ရုရှားဗဟိုဘဏ်က သက်ဆိုင်ရာနိုင်ငံခြားငွေကို ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် တာဝန်မယူဘဲ ရုရှားငွေကြေးရူဘယ်နဲ့ နှိုင်းယှဉ်နိုင်ရန် နိုင်ငံခြားငွေလဲနှုန်းထားကို သတ်မှတ်ပေးတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။

မြန်မာ့ငွေကြေးကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်တဲ့အတွက် မြန်မာနဲ့ ရုရှားနိုင်ငံ အကြား ကုန်သွယ်တဲ့အခါ ကျပ်နဲ့ ရူဘယ်ကို တိုက်ရိုက်ပေးချေနိုင်မှာဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ငွေပေးချေမှုလုပ်ငန်း ပိုမိုကျယ်ပြန့်စေရန်အတွက် ယွမ် – ကျပ် ၊ ဘတ် – ကျပ် ၊ ရူပီ – ကျပ် ၊ ရူဘယ် – ကျပ် ပေးချေနိုင်စေရန် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံက MIR Payment System ကတ်ကို မြန်မာနိုင်ငံမှာအသုံးပြုပြီး တိုက်ရိုက်ငွေပေးချေမှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။  #PAN