နာတူနာ ကျွန်းစုအနီး ပင်လယ်ရေပြင်သို့ ရေလုပ်သားများကို စေလွှတ်ရန် အင်ဒိုနီးရှားလိုလား
ဂျကာတာ ဇူလိုင် ၁၄
တောင်တရုတ်ပင်လယ်ပြင် အတွင်းရှိ နာတူနာကျွန်းစုနှင့် ယင်း၏ အနီး တစ်ဝိုက် နယ်မြေများအပေါ် အချုပ်အခြာ အာဏာပိုင်စိုးမှု အာဏာသက် ဝင်စေရန် ရည်ရွယ်လျက် အင်ဒိုနီးရှား အစိုးရအဖွဲ့က ရေလုပ်သား ရာပေါင်းများစွာကို အဆိုပါ ပင်လယ်ရေပြင်သို့ စေလွှတ်ရန် လိုလားကြောင်း အစိုးရ အထက်တန်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။
နာတူနာကျွန်းစုနှင့် ယင်း၏ အနီး တစ်ဝိုက် ပင်လယ်ရေပြင်နှင့် ပတ်သက်၍ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့ အကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားလျက်ရှိကြသည်။
ပိုင်နက်အငြင်းပွား ရေပြင်အနီး တစ်ဝိုက်တွင် ငါးဖမ်းခြင်း၊ ရေနံနှင့် ဓာတ်ငွေ့ စူးစမ်းရှာဖွေခြင်းနှင့် ကာကွယ်ရေး စခန်းများ ဖွင့်လှစ်ခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်သွားရန် သမ္မတ ဂျိုကို ဝီဒိုဒိုက အစီအစဉ် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
အင်ဒိုနီးရှားရေတပ်နှင့် တရုတ် ငါးဖမ်းရေယာဉ်များအကြား ထိပ်တိုက်တွေ့သည့် ဖြစ်ရပ်များ ဆက်တိုက်ပေါ် ပေါက်ခဲ့ပြီးနောက် အချုပ်အခြာအာဏာပိုင်စိုးမှုကို ထင်ဟပ်ပြသသည့် လှုပ်ရှားမှု အစီအစဉ်ကို အကောင်အထည် ဖော်ရန် သမ္မတ ဝီဒိုဒိုက ကြိုးပမ်းလျက် ရှိသည်။
အချုပ်အခြာအာဏာပိုင်စိုးမှုကို ထင်ဟပ်ပြသသည့် လုပ်ဆောင်ချက် များမရှိပါက အင်ဒိုနီးရှားနိုင်ငံ၏ ပိုင်နက်နယ်မြေ စုစည်းစွာ တည်ရှိမှုကို ပျက်ပြားစေမည့် တောင်းဆိုချက် အများအပြား ပေါ်ထွက်လာနိုင်ကြောင်း ပင်လယ်ရေကြောင်း ဝန်ကြီး ရီဇယ် ရမ်မီက သတင်းထောက်များကို ပြောကြားသည်။
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အနုညာတခုံရုံးက တောင်တရုတ် ပင်လယ်၏ နယ်မြေအားလုံးနီးပါးအား သမိုင်းကြောင်းအရ ပိုင်ဆိုင်သည် ဆိုသော တရုတ်နိုင်ငံ၏ တောင်းဆိုချက်ကို ပယ်ချခဲ့အပြီး တစ်ရက်အကြာတွင် ၄င်းက ယင်းသို့ တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။
(ရိုက်တာ)