မြောက်ဦးမြို့ နောက်တစ်ကြိမ်ရေနစ်မြုပ်ပါက ကြိုတင်ကာကွယ်မှုမလုပ်ထားသည့် တာဝန်ရှိသူများကို မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်မည်ဟု မြောက်ဦး ANP ထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် မကြာမီရက်ပိုင်းအတွင်းကဖြစ်ပေါ်ခဲ့သည့် ရေနစ်မြုပ်မှုမျိုး ဆက်လက်ဖြစ်ပေါ် လာပါက ရေကြီးမှုနှင့်ပတ်သက်ပြီး ကြိုတင် ကာကွယ်မှုများကို မပြုလုပ်ထားသည့် သက်ဆိုင်ရာတာဝန်ရှိသူများကို ရခိုင်အမျိုးသားပါတီ (မြောက်ဦး) မှ မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီ (မြောက်ဦးမြို့) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဇူလိုင် (၅) ရက်မှ (၇) ရက်နေ့အထိ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာ ၅၀ နီးပါးခန့် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရပြီး၊ စိုက်ပျိုးစမိုးစပါးများ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဝင်းက ပြောသည်။

“ဆန္ဒထုတ်ဖော်မယ်ဆိုတာက အဓိကတော့ ရေကြီးတာကြောင့်ပဲ အပျက်အစီးများတယ်၊ ဆင်းရဲသားတွေ၊ လက်လုပ်လက်စားတွေ ဒုက္ခရောက်တယ်၊ ရေမြုပ်တာကိုမကြုံဖူးတဲ့အပြင် နှစ်ပေါင်း ၇၀၊ ၈၀ လောက်က အခု လိုမျိုး မိုးတစ်လလောက်ရွာ ရင်တောင်မှ မြောက်ဦးက ရေမလွှမ်းဘူး။ ရေမဖုံးဘူးလေ” ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်း က ပြောသည်။

ဇူလိုင် ၉ ရက်က ထုတ်ပြန်လိုက်သည့် အဆိုပါသဘောထားကြေညာချက်အရ မြောက်ဦးမြို့၏ တည်နေရာ ပထ၀ီ အနေအထားအရ သဘာဝကြောင့်မဟုတ်သော နှစ်နှစ်ဆက်တိုက် ယခုကဲသို့ ရေလွှမ်းမိုးမှုမဖြစ်ပေါ်စေရေးမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာ န်ထမ်းဆောင်နေသည့် ပြည်သူ့အစိုးရ ယန္တရားများ၌သာ အဓိက တာဝန်ရှိသည်ဟု မြောက်ဦး ရခိုင်အမျိုးသားပါတီမှ ရှုမြင်သုံးသပ်ကြောင်း၊ မြို့လုံးကျွတ် ရေလွှမ်းမိုးမှု၊ ရေလွှမ်းမိုးမှုမဖြစ်မီ ဇွန် ၁၂ ရက်က ရခိုင်အမျိုးသားပါတီ (မြောက်ဦးမြို့) က မြို့တွင်းချောင်း ရေနုတ်မြောင်းများ တူးဖော်နိုင်ရေးအတွက် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးသည် သက်ဆိုင်ရာပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအား တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးတင်ပြမှုကြောင့် ၀န်ကြီးဌာနများမှ ကြိုတင်ကာကွယ်ရေးအတွက် တိုက်ရိုက်ညွှန်ကြားထားပြီးဖြစ် သော်လည်း ဇူလိုင်ပထမအပတ် ရေကြီးလွှမ်းမိုးသည်အထိ တစ်စုံတစ်ရာအကောင် အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည်ကို အားလုံးအသိဖြစ်သည်ဟု ယင်းကြေညာချက်တွင် ပါရှိသည်။

“ကျွန်တော်သိသလောက် စည် င်သာယာအဖွဲ့ကတော့ မြို့ပေါ်အတွက် သိပ်လုပ်တာမတွေ့သေးဘူး။ ရေစီးရေလာ ကောင်းမွန်အောင်ကအစ သူတို့ဘက်က တာဝန်ယူပြီး မရှင်းတာတွေရှိတယ်။ မယကကို ပြောပြန်ရင်လည်း သူကစည်ပင်ကိုလွှဲချတယ်။ စည်ပင်ကိုပြောပြန်ရင်လည်း စည်ပင်က ရှေးဟောင်းသုတေသနကို ထိုးချတယ်။ ဘောလုံးပုတ်နေကြသလိုဖြစ်နေတယ်။ ကြားမှာတော့ ပြည်သူလူထုတွေ ခံစားရတာပေါ့” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းက ဇူလိုင် ၉ ရက်က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

လက်ရှိ မြောက်ဦးမြို့၏ ရေကြီးမှုအခြေအနေမှာ ရေကျသွားပြီဖြစ်ကာ အသေအပျောက်မရှိကြောင်း၊ သို့ရာတွင် ကျေးရွာများတွင် လယ်မြေဧက ရာနှင့်ချီပြီး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ကျေးရွာတချို့၏ သောက်ရေကန်များ၊ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး ပြန်လည်စုပ်ထုတ်ဖို့အတွက် စက်အလုံအလောက် မရှိကြောင်းနှင့် သက်ဆိုင်ရာအစိုးရ ၌လည်းမရှိကြောင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

‪Democracytoday


Leave a Reply