ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် သဲဖြူတောရဓမ္မရိပ်သာ မဟာမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၏ ဓမ္မသဘင် ကျင်းပ
ဇွန် ၂၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ဆင်ယင်ကျင်းပသော သဲဖြူတောရဓမ္မရိပ်သာ မဟာမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၏ ဓမ္မသဘင်အခမ်းအနားကို ၂၆-၆-၂၀၂၃ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် နမောတဿ ၃ ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး တရားနာလာရောက်ကြသည့် ဓမ္မသူတော်စင်များမှ ဩကာသကန်တော့ကျိုးဖြင့် ညီညာဖြဖြကန်တော့ကာ မဟာမြိုင်ဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာကြားကြပါသည်။
၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် အလှူငွေ (၁,၀၀၀,၀၀၀ိ/-)ကျပ်၊ ဓမ္မပူဇာကောက်ခံရရှိမှု (၉၃၁,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းအလှူငွေ (၁,၉၃၁,၀၀၀ိ/-)ကျပ်နှင့် သင်္ကန်းတို့အား ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တို့မှ ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် မဟာမြိုင်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချ ကုသိုလ်အမျှပေးဝေခဲ့ကြပါသည်။
ထိုနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ဆင်ယင်ကျင်းပသော သဲဖြူတောရဓမ္မရိပ်သာ မဟာမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၏ ဓမ္မသဘင်အခမ်းအနားကို ည ၈ နာရီ အချိန်တွင် “ဗုဒ္ဓသာသနံစိရံတိဌတု” ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ပါသည်။