အီတလီအိုးပင်းတွင် ပါဝင်ကစားပြီးနောက် အယ်လ်ကာရက်ဇ် ကမ္ဘာ့အဆင့်(၁)ပြန်ဖြစ်လာ

စပိန်တင်းနစ်ကြယ်ပွင့် ကားလို့စ်အယ်လ်ကာရက်ဇ်သည် အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင်ကစားပြီးနောက် ဂျိုကိုဗစ်ထံမှ ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်လည်ရယူခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ကမ္ဘာ့အဆင့် (၁)နေရာတွင် (၂၂)ပတ်ကြာ ရပ်တည်ခဲ့သူ အယ်လ်ကာရက်ဇ်အနေဖြင့် မေလ(၂၂)ရက်တွင် ထုတ်ပြန်မည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးနေရာသို့ တရားဝင် ရောက်ရှိမည်ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် လာမည့် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ဆီဒင်(၁)အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အသက်(၂၀)နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ်အနေဖြင့် အီတလီအိုးပင်းတွင် ပါဝင်ကစားရုံဖြင့် ကမ္ဘာ့အဆင့်(၁)နေရာ သေချာစေခဲ့ခြင်းဖြစ်သည်။
၎င်းသည် ယခုပြိုင်ပွဲတွင် Bye ရသောကြောင့် ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရပြီး မေလ(၁၃)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းအဆင့်တွင် တစ်နိုင်ငံတည်းသားဖြစ်သူ ဗီညိုလက်စ်ကို ၆-၄၊ ၆-၁ ဖြင့် အနိုင်ရကာ တတိယအဆင့်သို့ တက်ရောက်ခဲ့သည်။
အယ်လ်ကာရက်ဇ်သည် ဘာစီလိုနာအိုးပင်းနှင့် မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင် (၂)ပွဲဆက်တိုက် ဗိုလ်စွဲထားသောကြောင့် အီတလီအိုးပင်းပြိုင်ပွဲတွင် ပြိုင်ပွဲ(၃)ပွဲဆက်ဗိုလ်စွဲရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
၎င်းအနေဖြင့် ဘာစီလိုနာနှင့် မက်ဒရစ်ပြိုင်ပွဲများမတိုင်မီ အာဂျင်တီးနားအိုးပင်း၊ အင်ဒီးယန်းဝဲလ်စ်မာစတာစ် ပြိုင်ပွဲများ၌ ဗိုလ်စွဲထားသဖြင့် ယခုရာသီအတွင်း ဆုဖလား (၄)လုံးအထိ ရယူထားနိုင်ခဲ့သည်။
အယ်လ်ကာရက်ဇ်သည် နောက်ဆုံး(၁၂)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ကစားခဲ့သည့်ပွဲများတွင် ပွဲ(၃၀)နိုင်၊ (၂)ပွဲ ရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသည်။ #eleven