ဆော်ဒီသို့ ပေါင် ၅၂၂ သန်းဖြင့် မက်ဆီ၏ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ်သတင်းများ ဖော်ပြ

ပီအက်စ်ဂျီမှ ဆော်ဒီအာရေဗျသို့ ယခုနှစ်နွေရာသီတွင် ပြောင်းရွှေ့မည့် မက်ဆီ၏ တန်ဖိုးကြီးမားသော အပြောင်းအရွှေ့မှာ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရသည့် (၃၅) နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး မက်ဆီသည် ၎င်း၏ဇနီးဖြစ်သူ အန်တိုနီလာရိုကိုးဇို၏ စိုးရိမ်မှုများကြားမှပင် ဆော်ဒီကလပ် အယ်ဟီလာ၌ ကစားရန် ပေါင် ၅၂၂ သန်းတန်ကြေးရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မည်ဟု ပြင်သစ် အခြေစိုက်သတင်းများကဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မက်ဆီသည် အယ်ဟီလာ၏ပြိုင်ဘက် အယ်နာဆာတွင်ကစားနေသော မဟာပြိုင်ဘက်ရော်နယ်ဒိုနှင့် ၎င်း၏ ပြိုင်ဆိုင်မှုကို ပယ်လယ်ကွေ့ဒေသတွင် ပြန်လည်ကြုံဆုံရတော့မည် ဖြစ်သည်။
မက်ဆီအနေဖြင့် လာမည့်ရာသီ၌ ဆော်ဒီတွင် ကစားမည်ဖြစ်ကြောင်း ညှိနှိုင်းမှုများနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုက အတည်ပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့မှာ တန်ဖိုးကြီးမားကြောင်း AFP က ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်တစ်ခုကလည်း အပြောင်းအရွှေ့မှာ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့ပြီး ပြင်သစ်သတင်းစာ L’Equipe ကလည်း အပြောင်းအရွှေ့အတွက် နှစ်ဦးနှစ်ဖက် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီး စာချုပ်တွင်မူ လက်မှတ်ရေးထိုးရခြင်း မရှိသေးကြောင်း ဖော်ပြခဲ့သည်။ သို့သော် မက်ဆီ၏ဇနီးဖြစ်သူ အန်တိုနီလာကမူ ၎င်းတို့မိသားစုအနေဖြင့် ဆော်ဒီအာရေဗျသို့ ပြောင်းရွှေ့ရန် စိတ်ကူးမယဉ်နိုင်ကြောင်း သတင်းများထွက်ပေါ်နေ၍ အပြောင်းအရွှေ့အတွက် အတားအဆီး သဖွယ်ဖြစ်နေသည်။
အန်တိုနီလာသည် သားသုံးယောက်ဖြစ်သည့် (၁၀) နှစ်အရွယ် တီယာဂို၊ ခုနစ်နှစ်အရွယ် မတ်တီယို၊ ငါးနှစ်အရွယ် စီယိုတို့နှင့်အတူ အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ရန် ဝန်လေးနေကာ ဥရောပတွင်သာ နေထိုင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် မက်ဆီသည် ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မိသားစုနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်ချမှတ်ရန် ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဇွန် ၃၀ ရက်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားသော်လည်း ယခုအခါ အဆိုပါစိုးရိမ်မှုများ ပြေလျော့သွားပုံရပြီး ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။