မက်ဆေ့ခ်ျ အက်ပလီကေးရှင်း ၁၄ ခုကို အိန္ဒိယအစိုးရ ပိတ်ပင်

အိန္ဒိယအစိုးရဟာ အက်ပလီကေးရှင်း ၁၄ ခုကို ပိတ်ပင်ကြောင်း ယခုသီတင်းပတ်အတွင်းက ကြေညာလိုက်ပြီး ဒီထဲက ၁၃ ခုဟာ စာတိုပေးပို့တဲ့ အက်ပလီကေးရှင်းတွေဖြစ်ပြီး ကျန်တစ်ခုကတော့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ စကားဝိုင်းတွေအတွက် အသုံးပြုတာဖြစ်ပါတယ်။
ဒီလိုတားမြစ်ပိတ်ပင်ရတာဟာ အဲဒီအက်ပလီကေးရှင်းတွေကို ဂျမူး၊ ကက်ရှ်မီးယားတို့မှာ အကြမ်းဖက်မှုတွေ လှုံ့ဆော်ရာနဲ့ဝါဒဖြန့်ရာမှာ အသုံးပြုနေတာကြောင့်ဖြစ်ကြောင်း အိန္ဒိယ အစိုးရက ပြောပါတယ်။ ပိတ်ပင်ခံရတဲ့အထဲမှာ IMO နဲ့ BChat လို အက်ပလီကေးရှင်းတွေလည်း ပါဝင်ပါတယ်။
မြေအောက်လှုပ်ရှားသူတွေဟာ စစ်သွေးကြွတွေကို ငွေနဲ့အခြား ကူညီထောက်ပံ့မှုတွေပေးဖို့နဲ့ အကြမ်းဖက်သမား အချင်းချင်း အပြန်အလှန်ဆက်သွယ်ရာမှာ အဲဒီ အက်ပလီကေးရှင်းတွေကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
တားမြစ်ပိတ်ပင်ချက်ဟာ အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ထားတဲ့ သုံးစွဲသူတွေကို တားဆီးနိုင်မှာမဟုတ်ပေမယ့် Apple Store နဲ့ Google Play တို့လို တရားဝင်အက်ပလီကေးရှင်းစတိုးတွေကနေ အိန္ဒိယမှာ အသုံးပြုလို့မရအောင် တားဆီးသွားနိုင်မှာဖြစ်ပါတယ်။