ဂျူဗင်တပ်အသင်း၏ ၁၅ မှတ်လျှော့ပြစ်ဒဏ်ကို ပယ်ပေးခဲ့သဖြင့် အဆင့် ၃ နေရာတက်ရောက်

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် (၁၅)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရသော်လည်း ကြာသပတေးနေ့တွင် ပြန်လည်ရုပ်သိမ်းခံခဲ့ရကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် အပြောင်းအရွှေ့လှုပ်ရှားမှုများတွင် စာရင်းဇယားလိမ်လည်မှုများရှိခဲ့ကြောင်း စွဲချက်တင် ခံခဲ့ရပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း (၁၅)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသင်းဥက္ကဋ္ဌဟောင်း အက်ဂ်နယ်လီနှင့် အားကစားဒါရိုက်တာဟောင်း ပါရာတီခီတို့ကိုလည်း ပွဲပယ် ပြစ်ဒဏ်များချမှတ်ခဲ့သည်။

အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီအပါအဝင် ဂျူဗင်တပ်စ်အသင်း၏ ဘုတ်အဖွဲ့ဝင်များသည် စွဲချက်တင်ခံရသည့် အခြေအနေမှာပင် ရာထူးမှ နုတ်ထွက်ခဲ့ကြသော်လည်း ချမှတ်ခံရသည့် အမှတ်လျှော့ပြစ်ဒဏ်နှင့် ပတ်သက်၍မူ ဂျူဗင်တပ်စ်အသင်းက အယူခံတင်သွင်းခဲ့သည်။

ယခုအခါ အီတလီနိုင်ငံ၏ အမြင့်ဆုံးအားကစားခုံရုံးက ဂျူဗင်တပ်စ်အသင်း၏ အယူခံကို လက်ခံကာ ပြန်လည်စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဆုံးဖြတ်လိုက်သည့်အတွက် (၁၅)မှတ်လျှေ ပြစ်ဒဏ် ပြန်လည်ရုပ်သိမ်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် (၁၅)မှတ်လျှော့ ပြစ်ဒဏ်ကြောင့် မူလက စီးရီးအေအမှတ်ပေးဇယား အဆင့်(၇)နေရာတွင် ရောက်ရှိနေရာမှ ယခုအခါ အဆင့်(၃)နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထို့ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ ပိုမိုပြင်းထန်သွားခဲ့သည်။