အကျဉ်းသား/သူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အကျဉ်းသား/အကျဉ်းသူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ လည်းကောင်း အခုလို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြု လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်အရ နောက်တကြိမ် ပြစ်မှုကျူးလွန်ပါက ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို ဆက်လက် ကျခံ ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

အလားတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုတဲ့အနေနဲ့ အကျဉ်းထောင်/ အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသားအကျဉ်းသား/အကျဉ်းသူ ၉၈ ယောက် နဲ့ အင်းစိန်ဗဟိုအကျဉ်း ထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ သီရိလင်္ကာနိုင်ငံသား ငါးယောက် တို့ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။