အင်ဒီးယန်းဝဲလ်ဖိုင်နယ်ကို မက်ဗီဒက်ဗ် တက်ရောက်

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အင်ဒီးယန်းဝဲလ် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပွဲစဉ်မှာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲအဖြစ် မက်ဗီဒက်ဗ်နဲ့ အမေရိကန်နိုင်ငံသား တီယာဖိုတို့ ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး လက်စွမ်းချင်းသိပ်မကွာကြလို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဆီဒင်အဆင့် ၅ ရထားတဲ့ မက်ဗီဒက်ဗ်က လက်စွမ်းနည်းနည်းပိုကောင်းခဲ့သလို အမှား အယွင်းလည်းနည်းခဲ့တာ ကြောင့်ပွဲအပြီးမှာ (၇း၅၊ ၇း၆)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာပါ။ အခုပွဲဟာ မက်ဗီဒက်ဗ်ရဲ့ ၁၉ ပွဲဆက်အနိုင်ပွဲလည်း ဖြစ်ခဲ့သလို အင်ဒီးယန်းဝဲလ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို ကစားသမားဘဝ ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရသွား ခဲ့တာလည်းဖြစ်ပါတယ်။ တီယာဖိုကတော့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ပွဲအပြီးမှာရှုံးနိမ့်ခဲ့လို့ စိတ်ပျက်စရာ ညလည်းဖြစ်သွားခဲ့ရပါတယ်။ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာတော့ မက်ဗီဒက်ဗ်ဟာ ဆီဒင်အဆင့် ၁ ရထားတဲ့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်နဲ့ ကစားရမှာဖြစ်ပါတယ်။