ဆော်ဒီ ရေနံကုမ္ပဏီ Aramco စံချိန်တင်အမြတ်ငွေရရှိ
ဆော်ဒီ ရေနံကုမ္ပဏီကြီး Aramco ဟာ စွမ်းအင်ဈေးနှုန်းမြှင့်တက်လာမှုနဲ့ ဝယ်လိုအားပမာဏများလာမှုတွေ ကြောင့် ၂၀၂၂ ခုနှစ်မှာ စံချိန်တင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၆၁.၁ ဘီလီယံအထိရရှိခဲ့တယ်လို့ တနင်္ဂနွေ နေ့က ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနဲ့ယှဉ်ရင် နိုင်ငံပိုင်ကုမ္ပဏီအတွက် အမြတ်ငွေ ၄၆.၅ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။
Aramco ရေနံကုမ္ပဏီဟာ ယူကရိန်း-ရုရှားစစ်ပွဲ နောက်ပိုင်း စွမ်းအင် ဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် အခုလို စံချိန်တင်အမြတ်အစွန်းတွေရရှိခဲ့တာဖြစ်ကြောင်း ကြေညာတဲ့ နောက်ဆုံး စွမ်းအင်ကုမ္ပဏီဖြစ်ပါတယ်။
အစောပိုင်းက အမေရိကန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း အက်ဆွန်မိုဘေးက အမေရိကန် ဒေါ်လာ ၅၅.၇ ဘီလီယံ အကျိုးအမြတ်ရရှိခဲ့ကြောင်းနဲ့ ဗြိတိန်ရဲ့ Shell ကုမ္ပဏီ ကလည်း အမြတ်အစွန်း အမေရိကန် ဒေါ်လာ ၃၉.၉ ဘီလီယံ ရရှိခဲ့ကြောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ Aramco ရေနံကုမ္ပဏီဟာ ရရှိလာတဲ့အမြတ်ငွေ အများစုကို ကုမ္ပဏီရှယ်ယာ ၉၅ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်တဲ့ ဆော်ဒီအစိုးရကို ပေးရမှာဖြစ်ပါတယ်။