စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ပစ်မချဖို့ မြောက်ကိုရီးယား သတိပေး

ပစိဖိတ် သမုဒ္ဒရာကို ကျော်ဖြတ်ပြီး စမ်းသပ်ပစ်လွှတ်နေတဲ့ သူတို့ရဲ့ ဒုံးကျည်တွေကို ပစ်ချခဲ့ရင် စစ်ကြေညာတာ ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားက သတိပေးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ လတွေမှာ ပိတ်ပင်ထားတဲ့ လက်နက်စမ်းသပ်မှုတွေ အမြောက်အမြားလုပ်ဆောင်ခဲ့ပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ ပြုံယမ်းဆီက ခြိမ်းခြောက်မှုတွေ ရှိနေချိန် အမေရိကန် နဲ့ တောင်ကိုရီးယားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။

မြောက်ကိုရီးယားကတော့ သူတို့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေက ကိုယ်ပိုင်ကာကွယ်ရေးအတွက် ဖြစ်ကြောင်း ပြောကြားပေမယ့် အမေရိကန် နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုတော့ သူ့နိုင်ငံကို ကျူးကျော်ရေး ဇာတ်တိုက်မှု အဖြစ် ရူမြင်ပြီး မကြာခဏ ရှုတ်ချပြောဆိုခဲ့ပါတယ်။

“ ကျွန်မတို့ရဲ့ မဟာဗျူဟာမြောက် လက်နက်စမ်းသပ်မှုတွေအပေါ် ကြားဖြတ်ပစ်ချတာမျိုးလို စစ်ရေး တုန့်ပြန်မှုတွေ ရှိလာခဲ့ရင် ဒါကို မြောက်ကိုရီးယားနိုင်ငံအပေါ် ရှင်းလင်းတဲ့ စစ်ကြေညာမှုအဖြစ် သဘောထားသွားပါမယ်”လို့ ခေါင်းဆောင် ကင်ဂျုံအန် ရဲ့ ညီမ ဖြစ်သူ ကင်ယိုဂျုံ ပြောဆိုချက်ကို အစိုးရ KCNA သတင်းဌာန က ဖော်ပြခဲ့ပါတယ်။

ပစိဖိတ် သမုဒ္ဒရာ က အမေရိကန် ဒါမှမဟုတ် ဂျပန် ရဲ့ ပိုင်နက် မဟုတ်ဘူးလို့လည်း သူက ဆက်ပြောကာ မြောက်ကိုရီးယားက လျင်မြန်တဲ့ အရေးယူမှုတွေ လုပ်ဖို့ အမြဲ အသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။

-Ref: AFP/zl