၃ နှစ်ခန့်ကြာ ပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားသည်မှာ ၃ နှစ်ခန့်ကြာ မြင့်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားအား ဖေဖော်ဝါရီ ၂၀ ရက် (ယနေ့)နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်နိုင်ရန် မယ်ဆိုင်မြို့ တာဝန် ရှိသူများနှင့် တာချီလိတ်မြို့တာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ယနေ့ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၁)ချစ်ကြည်‌ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (တံတားကူးစာရွက်)များ ကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

တံတားပြန်လည်ဖွင့်လှစ်ရာတွင် နှစ်နိုင်ငံတာဝန်ရှိသူများက သတ်မှတ်ထားသည်များအတိုင်း ဖွင့်လှစ်ပေးခဲ့ကြ ပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းတွင်လည်း အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ တရားနာခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ပြန်လည်ဖွင့်လှစ်သည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားအား နေ့စဥ် နံနက် ၆ နာရီမှ ည ၆ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။