အဆင့် ၁ နေရာပြန်ယူရန် အယ်ကာရက်ဇ် ရည်မှန်း

စပိန်တင်းနစ်သမား ကားလို့စ်အယ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်ရယူဖို့ ရည်မှန်း ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် အယ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လက်စွမ်းကောင်းတွေနဲ့အတူ ကမ္ဘာ့အဆင့် ၁ နေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ရာသီပိတ် အေတီပီဖိုင်နယ်ပွဲကို လွဲချော်ခဲ့ရသလို အခုရာသီအဖွင့်ပွဲ ဖြစ်တဲ့ ဩစတြေးလျအိုးပင်းကိုလည်း လွဲချော်ခဲ့ရပါတယ်။

ဒါကြောင့်လည်း ကမ္ဘာ့အဆင့် ၁ နေရာကို ရက်သတ္တပတ်ပေါင်း(၂၀)သာ ထိန်းသိမ်းနိုင်ခဲ့ပြီး ဩစတြေးလျအိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုကိုဗစ်ကို ပြန်လည်လွှဲပြောင်းပေးလိုက်ရပါတယ်။ အခုချိန်မှာ ဒဏ်ရာပြဿနာကနေ အကောင်းဆုံးပြန်လာ နိုင်ခဲ့ပြီဖြစ်သလို ဂျိုကိုဗစ်နဲ့အပြိုင်ကြိုးစားပြီး ကမ္ဘာ့အဆင့် ၁ နေရာအတွက် ကြိုးစား သွားမယ်လို့ အယ်ကာရက်ဇ်က ပြောသွားခဲ့ပါတယ်။