လွန်ခဲ့သည့် ၅ နှစ်အတွင်း အိန္ဒိယသို့ ဒေါ်လာ ၁၃ ဘီလျံဖိုး လက်နက်များ ရုရှား ပေးသွင်း
ပြီးခဲ့သည့်ငါးနှစ်အတွင်း ရုရှားသည် အိန္ဒိယအား ဒေါ်လာ ၁၃ ဘီလျံခန့် တန်ကြေးရှိသော လက်နက်များကို ပေး သွင်းခဲ့ပြီး ယခုအခါ နူးဒေလီသည် မော်စကိုထံမှ ဒေါ်လာ ၁၀ ဘီလျံကျော် တန်ဖိုးရှိ လက်နက်နှင့် စစ်ပစ္စည်း ကိရိယာများကို မှာယူထားကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာနများက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းတွင် ဖော်ပြခဲ့သည်။
အိန္ဒိယသည် ရုရှားလက်နက် ကို အများဆုံး ဝယ်ယူသူဖြစ်ပြီး လက်ရှိ မော်စကို၏ လက်နက်အမှာစာအုပ်တွင်၂၀ ရာခိုင်နှုန်းခန့်အထိ မှာယူထားသည်ဟု သိရသည်။
အိန္ဒိယသည် မော်စကိုနှင့် ဆက်ဆံရေး ကောင်းမွန်နေပြီး ယူကရိန်းအရေးအခင်းတွင်လည်း ရုရှားအား အတိအလင်း ရှုံ့ချခြင်းမျိုး မပြုလုပ်ခဲ့ပေ။
“ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေးနဲ့ ဆက်စပ်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုတွေက အိန္ဒိယကို မကြုံစဖူးဖိအားပေးခဲ့ပေမယ့် အိန္ဒိယဟာ စစ်ရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ ရုရှားရဲ့ အဓိက မိတ်ဖက်အဖြစ် ဆက်ရှိနေပါတယ်” အင်တာဖက်စ် သတင်းဌာနက စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရုရှား ပြည်ထောင်စုဌာန ညွှန်ကြားရေးမှူး ရူဂါယက်ဗ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။
ရုရှား၏ နှစ်စဉ်လက်နက်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံမှ ၁၅ ဘီလျံခန့်ထိ ရှိနေပြီး လက်နက်အမှာစာအုပ်တွင်လည်း မှာယူမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀ ဘီလျံခန့်ဖြင့် တည်ငြိမ်နေဆဲဖြစ်ကြောင်း အင်တာဖက်စ်က ဖော်ပြထားသည်။
Source:CNA