တရုတ်ပြည်မကြီးမှ ဝင်ရောက်လာသည့် ခရီးသွားများကို ကိုဗစ်စစ်ဆေးရန်လိုအပ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား
တရုတ်အစိုးရက ပြည်ပမှ ဝင်ရောက်လာသူများအတွက် ကွာရန်တင်းဝင်ရမည့် စည်းကမ်းချက်များကို အဆုံးသတ် သွား မည်ဟု ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်မှစပြီး တရုတ်ပြည်မကြီးမှ ဝင်ရောက်လာသည့် ခရီးသွားများကို COVID-19 စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ပြောကြားခဲ့သည်။ ဂျပန်သည် မကြာသေးမီလများအတွင်းက ခရီးသွားများအတွက် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ ပေးခဲ့ပြီး ယခုလုပ်ဆောင်မှုအရ ကိုဗစ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများပြနေသူများထက် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသွားများကိုသာ ဆိုက်ရောက်ကာလတွင် ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်မည့် သဘော ဖြစ်သည်။ တရုတ်တွင် ရောဂါကူးစက်မှုများ လျင်မြန်စွာ ပျံ့နှံ့နေသည်ဆိုသည့် သတင်းအချက်အလက်ကြောင့် ယခုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟု ကီရှီဒါက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
“ဗဟိုနဲ့ ဒေသန္တရအာဏာပိုင်တွေအကြား၊ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍအကြား အဓိကခြားနားချက်တွေရှိနေတဲ့အတွက် တိကျတဲ့အခြေအနေတစ်ခုကို သေချာအောင်လေ့လာ စိစစ်ဖို့ခက်ခဲပါတယ်” ဟု ကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် တင်းကျပ်သည့် ကပ်ရောဂါထိန်းချုပ်မှုကို သုံးနှစ်ကြာလုပ်ဆောင်ခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်မှစတင်ပြီး ပြည်ပမှဝင်ရောက်လာသည့် ခရီးသွားများသည် ကွာရန်တင်းဝင်ရန် လိုအပ်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီးနောက် ဂျပန်၏ ကိုဗစ်စည်းကမ်းသစ်ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်တွင် ကိုဗစ်ကင်းစင်မူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် တင်းကျပ်သည့် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်အများစုကို ရုပ်သိမ်းခဲ့ပြီး လက်ရှိတွင် ရောဂါကူးစက်မှုများမြင့်တက်နေသည်။ တရုတ် ပြည်မကြီးမှ ခရီးသွားများ သို့မဟုတ်ဟု တရုတ်ပြည်မကြီးတွင် ခုနစ်ရက်ကြာနေထိုင်ခဲ့သူများအနေဖြင့် ဒီဇင်ဘာ ၃၀ ရက်မှစပြီး ဂျပန်သို့ ဝင်ရောက်လာချိန်တွင် ရောဂါစစ်ဆေးမှုခံယူရန် လိုအပ်လိမ့်မည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။
ရောဂါစစ်ဆေးမှုများအရ ကူးစက်ခံရ ကြောင်းတွေ့ရှိသူများအနေဖြင့် သတ်မှတ်ထားသည့် နေရာတွင် ခုနစ်ရက်ကြာ ကွာရန်တင်းဝင်ရမည်ဟု ဆိုသည်။
ထို့ပြင် တရုတ်ပြည်မကြီးမှ ဝင်ရောက်လာမည့် လေကြောင်းခရီးစဉ်များကိုလည်း တားမြစ်ကန့်သတ်မှုများ ပြုလုပ် သွားမည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။ ဂျပန်သည် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို နှစ်နှစ်ခွဲကြာထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာလတွင် ခရီးသွားများအတွက် အပြည့်အဝပြန်ဖွင့်ပေးခဲ့ပြီး ယင်းအစီအစဉ်တွင် ပြည်ပခရီးသွားအားလုံးနီးပါးလွှမ်းခြုံပါဝင်ခဲ့သည်။ နိုဝင်ဘာလတွင် ဂျပန်နိုင်ငံသို့ လာရောက် သည့် ပြည်ပခရီးသွားအရေအတွက် ၉၃၄၅၀၀ ဦးရှိခဲ့ပြီး ယင်းသည် ၂၀၁၉ ခုနှစ် ကပ်ရောဂါမတိုင်မီ ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၉ ခုနှစ်က တရုတ်ပြည်မကြီးမှ ခရီးသွားဝင်ရောက်မှုပမာဏသည် ဂျပန်သို့ဝင်ရောက်သည့် ပြည်ပခရီးသွားစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိခဲ့သည်။