၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသည် မယုံနိုင်ဖွယ်အောင်မြင်မှုရရှိခဲ့သည့် သမိုင်းဝင်ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်သည်ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ပြောကြား

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသည် မယုံနိုင်ဖွယ် အောင်မြင်မှုရရှိခဲ့သည့် သမိုင်းဝင်ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ အင်ဖန်တီနိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အဖက်ဖက်၌ ကောင်းသောလက္ခဏာများ ပြည့်နှက်နေသည့် ပြိုင်ပွဲဖြစ်ပြီး အရှေ့ အလယ်ပိုင်းနှင့် အာဖရိကကို ပိုမိုထင်ပေါ်လာစေသည်ဟုလည်း ဆိုခဲ့သည်။ အင်ဖန်တီနိုက “ယှဉ်ပြိုင် ခဲ့တဲ့ ပွဲတွေမှာ မတော်တဆ ဖြစ်ရပ်တွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အလွန်ပျော်စရာကောင်းတဲ့ အခြေအနေတစ်ရပ်ပါ။ အာဖရိကအသင်းတစ်သင်း (မော်ရိုကို)ပထမဆုံး ဆီမီးဖိုင်နယ်ရောက်ခဲ့တာ၊ အမျိုးသမီးဒိုင်လူကြီး တစ်ယောက်(စတက်ဖနီဖရာပတ်) ပထမဆုံးကြီးကြပ်ခွင့်ရခဲ့တာတွေက မယုံနိုင်ဖွယ် အောင်မြင်မှုတွေပါပဲ။ ပြီးတော့ ဒီပြိုင်ပွဲကို ပရိသတ်(၅)ဘီလီယံလောက် ကြည့်ခဲ့ပါတယ်။ အဓိကအကျ ဆုံးတစ်ခုကတော့ ပရိသတ်တွေရဲ့ အပြုအမူပိုင်းက ကျေနပ်စရာကောင်းတာပါ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတွေ၊ အံ့အားသင့်စရာ ဖြစ်ရပ်တွေ၊ တကယ်ကောင်းတဲ့ဂိုးတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဝါ၊ အနီတွေ မများဘဲ သန့်ရှင်း မျှတမှု ရှိတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။