မဲစာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ မေလအတွင်းဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိသည့်စာရင်းများအပေါ်အခြေခံ၍ လစဉ်တိုက်ဆိုင် စစ်ဆေးလျက်ရှိဟု UEC အဖွဲ့ဝင် ပြောကြား

မဲစာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင် လူဦး ရေစာရင်းနှင့်  တိုက်ဆိုင်စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိသည့်စာရင်းများ ပေါ်၌အခြေခံ၍ လစဉ်တိုက်ဆိုင်စစ်ဆေး လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အဖွဲ့ဝင် ဦးဘရန်ရှောင်က ပြောကြားသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံ မှန်ကန်ရေး ပြန်လည် တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဘရန်ရှောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိလာသည့် စာရင်းများပေါ်တွင် အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ လစဉ်တိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်အတွင်းရှိ ဥပဒေနှင့်အညီနေထိုင်သော လူဦးရေစာရင်းကို မြို့နယ် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (cross – check) ဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ရှိ လာသည့် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်နှင့်အထက် ထပ်နေ သည့်စာရင်းများရှိကြောင်း၊ ယင်းစာရင်းများ မှန်ကန် စေရန် အတွက် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ စိစစ်၍ အမြန်ဆုံး ပြီးစီးရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ ရှစ် မြို့နယ်၏ ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (cross – check) ဆောင်ရွက်ရာ၌တွေ့ရှိရသည့် အချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းအမြန်ပြီးပြတ်ရေးအတွက် လိုအပ်ချက် များကို ဆွေးနွေး တင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်သူများစာရင်း ကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များအတွင်း မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း (cross – check) လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထ ွေရွေးကောက်ပွဲ အား ကျင်းပပေးမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။