အီတလီနိုင်ငံတောင်ပိုင်းရှိ အစ်ရှီယာကျွန်းတွင် မြေပြိုမှုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အဆိုပါကျွန်း တွင် အရေးပေါ်အခြေအနေ ကြေညာထားရ

အီတလီနိုင်ငံတောင်ပိုင်းရှိ အစ်ရှီယာကျွန်းတွင် မြေပြိုမှုဖြစ်ပွားပြီးနောက် လူခုနစ်ဦးထက်မနည်း သေဆုံးကာ လူအချို့ ပျောက်ဆုံးနေပြီး နိုဝင်ဘာ ၂၇ ရက်က အဆိုပါကျွန်းတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက မြို့ငယ်လေးတစ်မြို့သည့် Casamicciola တွင် ရွှံ့ညွှန်များနှင့် အပျက်အစီးဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ကားများသည်လည်း ပင်လယ်ရှိရာသို့ မျောပါသွားခဲ့သည်ဟု ဒေသတွင်းမီဒီယာနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

“Casamicciola မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ခုနစ်ဦးရှိလာပြီ ငါးဦးပျောက်ဆုံး နေပါတယ်” ဟု နေပယ်မြို့အုပ်ချုပ်ရေးမှူး ကလော်ဒီယိုပါလွမ်ဘာက နိုဝင်ဘာ ၂၇ ရက်နှောင်းပိုင်းက ကြေညာ ခဲ့သည်။ အရေးပေါ်အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် ကနဦးအနေဖြင့် ကယ်ဆယ်ရေးရန် ပုံငွေယူရိုနှစ်သန်း အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် မြေပြိုမှုဖြစ်ပွားခဲ့သည့်ကျွန်း၌ အရေးပေါ်အခြေအနေကြေညာခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေးဌာနဝန်ကြီး နယ်လိုမူဆူမက်စီက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ရုပ်အလောင်း လေးလောင်းကို တွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာကအစောပိုင်းတွင် ဖော်ပြခဲ့သည်။ လတ်တလောတွင် ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်က ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေ လျက်ရှိကာ ရာနှင့်ချီသည့် စေတနာ့ဝန်ထမ်းများသည်လည်း ဒူးလောက်အထိရှိသည့် ရွှံ့ညွှန်များကြားတွင် မြို့လမ်းမများကို လိုက်လံရှင်းလင်းလျက်ရှိသည်။ သို့ရာတွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်နေမှုများ အဟန့်အတားဖြစ်ခဲ့ရပြီး ကျွန်းမဆီမှ အကူအညီများ ပေးပို့နေသည့် ကူးတို့သင်္ဘောများ ပြေးဆွဲမှုကိုလည်း ကြန့်ကြာစေခဲ့သည်။ ရွှံ့ညွှန်များအောက်တွင် ပိတ်မိနေသူများရှိနေပြီး အလွန်စိုးရိမ်စရာကောင်းသည့် အခြေအနေဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး မတ်တီယိုပီယန်တီဒေါ့ဆီက ပြောကြား ခဲ့သည်။

အစ်ရှီယာမြို့၏မြောက်ဘက်တွင် တည်ရှိပြီး လူဦးရေ ၈၀၀၀ ခန့်နေထိုင်သော ရေပူစမ်း အပန်းဖြေမြို့ဖြစ်သည့် Casamicciola ၏ လမ်းများတွင် မိုးသည်းထန်မှုကြောင့် ရွှံ့ညွှန်များဖြင့် ဖုံးလွှမ်းနေသည်။ “သစ်ပင်တွေ လဲကျပြီး လမ်းဘေးတစ်ဖက်တစ်ချက်မှာရပ်ထားတဲ့ မော်တော်ယာဉ်တွေ ထိခိုက်ပျက်စီးခဲ့တယ်” ဟု AFP သတင်းထောက် တစ်ဦးက ဆိုသည်။ အိမ်များ၊ မော်တော်ကားများနှင့် စျေးဆိုင်များရှေ့တွင် ပိတ်ဆို့နေသည့် အပျက်အစီးများကို မြေတူးစက်ဖြင့် ဖယ်ရှားရှင်းလင်းမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ “ငလျင်ဒဏ်နဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကျွန်မရဲ့နေအိမ် ဘာမှမဖြစ်ခဲ့ပေမဲ့ ဒီမှာနေရထိုင်ရတာ ခက်ခဲနေပြီဖြစ်တာမို့ ဖြစ်နိုင်မယ်ဆိုရင် ဒီမြို့ကနေ ထွက်သွားမိမှာပါ” ဟု အသက် ၆၄ နှစ်အရွယ် ဒေသခံတစ်ဦးက AFP သို့ပြောကြားခဲ့သည်။ ရေစီးနှင့် မျောပါသွား သည့် ကားတစ်စီးထဲမှ လူနှစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့သည်။