YBS ၆၁ ပေါ်၌ လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းမိ
YBS၆၁ကား ပေါ်မှာ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက လုယက်မှုကျူးလွန်ခဲ့သူတွေကို နိုဝင်ဘာ ၉ ရက်မှာ ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ၈ရက် ညနေ၄နာရီလောက်က မရမ်းကုန်းမြို့နယ် သမိုင်းဈေးဘူတာရုံလမ်းနဲ့ သမိုင်း၇လမ်းထိပ်မှာ YBS၆၁ယာဉ်ပေါ်မှာပါတဲ့ ခရီးတချို့ဆီကနေ လက်ကိုင်ဖုန်းတွေကို အုပ်စုဖွဲ့လုယက်ခဲ့တာဖြစ်ပြီး အော်ဟစ် အကူအညီတောင်းတဲ့ ခရီးသည် အမျိုးသမီးတစ်ဦးကိုလည်း လုယက်သူတွေက ရိုက်နှက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲ့ဒီအုပ်စုဖွဲ့လုယက်သူတွေကို လိုက်လံဖမ်းဆီးရာမှာတော့ နိုဝင်ဘာ၉ရက်မှာ ဦးဆောင်ကျူးလွန်သူအပါအဝင် ရှစ်ဦးကိုဖမ်းဆီးရမိခဲ့ပြီး တစ်ဦးထွက်ပြေး လွတ်မြောက်နေတယ်လို့ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို စစ်ဆေးချက်အရ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ၅ရက်ကလည်း YBS 42ယာဉ်ပေါ်က အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ပြီး ကားပေါ်ကဆွဲချကာ ဖုန်းနှစ်လုံးနဲ့ငွေသားငါးသိန်း၊ အေတီအမ် ကတ်တွေ၊ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလနုင်စင်တွေကို လုယက်ခဲ့သေးတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ လုယက်သူရှစ်ဦးကို ထိရောက်စွာအရေးယူနိုင်ဖို့ဆောင်ရွက်နေပြီး ထွက်ပြေး လွတ်မြောက်နေတဲ့တစ်ယောက်ကိုလည်း ဖမ်းဆီးရမိရေး ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။