ရုရှားရေနံကို ဆက်လက်ဝယ်ယူမည်ဟု အိန္ဒိယ ပြော

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်ဂျိုင်ရှန်ကာဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရော့ဗ်နဲ့  ရုရှားမြို့တော် မော်စကိုမှာ နိုဝင်ဘာ ၈ ရက်က တွေ့ဆုံခဲ့ပြီး အလားအလာရှိတဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံအတွက် အကျိုးရှိလို့ ရုရှားရေနံကို အိန္ဒိယက ဆက်ဝယ်သွားမယ်လို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂျိုင်ရှန်ကာက ပြောပါတယ်။

ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူဖြစ်ပြီး ရုရှားရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ အိန္ဒိယဟာ ရုရှားနိုင်ငံရဲ့ ‘ယူကရိန်းအထူးစစ်ဆင်ရေး’ ကို ပြတ်ပြတ်သားသား မရှုတ်ချခဲ့ပါဘူး။

ဂျိုင်ရှန်ကာနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်တို့ကြား အင်္ဂါနေ့က တွေ့ဆုံမှုဟာ ပဉ္စမအကြိမ်မြောက် ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့တွေဟာ အာတိတ်ဒေသ ကမ်းဦးရေတိမ်ပိုင်းနဲ့ ရုရှားအရှေ့ဖျားဒေသတို့က အလားအလာရှိတဲ့ စီမံကိန်းတွေကို ဆွေးနွေးခဲ့တယ်လို့ လာ့ဗရော့ဗ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး အနောက်နိုင်ငံဝယ်လက်တွေက ရှောင်ဖယ်ထားတဲ့အတွက် ရုရှားရေနံတွေကို လျှော့စျေးနဲ့ ရေနံချက်သူတွေက သိမ်းကျုံးယူခဲ့တာကြောင့် အိန္ဒိယဟာ ရုရှားရဲ့ အကြီးဆုံး ရေနံဝယ်ယူသူ ဖြစ်လာခဲ့ပါတယ်။