ဒိန်းမတ်နိုင်ငံ ရွေးကောက်ပွဲ စတင်ကျင်းပ
ဒိန်းမတ်နိုင်ငံတစ်ဝန်းက မဲရုံတွေကို နိုဝင်ဘာ ၁ ရက်မှာ ဖွင့်လှစ်ပေးခဲ့ပြီးနောက် မဲပေးမှုတွေ စတင်ခဲ့ပါတယ်။ အခုကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ ဒိန်းမတ်နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲစေလိမ့်မယ်လို့ လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။ ပါတီသစ်တွေ ပါလီမန်ထဲကို ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး ပါတီဟောင်း အမတ်တွေကတော့ ထောက်ခံမှုကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါ့အပြင် ဗဟိုလက်ယာဝါဒီတွေရော ဗဟိုလက်ဝဲဝါဒီတွေပါ အနိုင်ရဖို့ အခြေအနေမရှိဘူးလို့လည်း ဆိုကြပါတယ်။ ဒါကြောင့် အခုနှစ်အတွင်း မိခင်ပါတီကနေ နုတ်ထွက်ပြီး ပါတီအသစ် တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းဟာ အစိုးရသစ် တစ်ရပ်ဖွဲ့စည်းရေးမှာ အခရာကျတဲ့နေရာကို ရောက်လာဖွယ်ရှိနေတယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဒိန်းမတ် ရွေးကောက်ပွဲမှာ ပြည်သူ ၄ သန်းကျော်ဟာ ပါတီပေါင်း ၁၄ ပါတီထဲက သူတို့နှစ်သက်ရာပါတီကို ရွေးချယ် မဲပေးကြရမှာဖြစ်ပါတယ်။