ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်သော လူငယ်စကားဝိုင်းသို့ လူငယ်ရေးရာတာဝန်ခံတက်ရောက်

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်တိုင်း​ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းအား ယနေ့ နေ့လည် (၁၃:၀၀)အချိန်က ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ကြသည် အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးက ယနေ့လူငယ်အများစုအတွက် ဝင်ငွေရရှိရေး၊ အလုပ်အကိုင်ရရှိရေးနှင့် ပညာရပ်များဆည်းပူးသင်ယူရေးတို့မှာ ဆက်နွယ်လျှက်ရှိကြောင်း၊ အလုပ်လုပ်ရင်း ပညာရှာမှီးသင်ယူနိုင်ရေး၊ နည်းလမ်းများရှာဖွေရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ လူငယ်များကိုယ်စီ အမျိုးသားရေးကိုယ်ခံအားကောင်းရန် လိုအပ်နေပြီဖြစ်ကြောင်း၊ အိမ်တွင်းစက်ချုပ် လုပ်ငန်းမှသည် အသေးစား စက်ချုပ်လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးနှင့် ကွန်ပျူတာ အင်္ဂလိပ်စာ စက်ချုပ်ပညာ ဝပ်ရှော့ပညာ စသည်ကဲ့သို့ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အလုပ်အကိုင်ရှာဖွေနိုင်ရေး ဆုံရပ်တစ်ခု ထူထောင်သွားမည်ဖြစ်၍ လူငယ်များ ပါဝင်ချိတ်ဆက် ဆက်သွယ်ဝိုင်းဝန်း လုပ်ဆောင်ပေးကြရန် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်ဘွား၊ ကိုကျော်ဇေယျနှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် အတွင်းရေးမှူး ဦးအောင်ပြည့်ဖြိုး တို့မှ မျက်မှောက်မြန်မာ့နိုင်ငံရေးအခြေအနေများအား ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးချက်များအပေါ် တက်ရောက်လာသောလူငယ်များက အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ပက်သက်၍ အထည်ချုပ်စက်ရုံများ ဖွင့်လှစ်ပေးနိုင်ရေး အသေးစားလက်မှုပညာသင်တန်းများ ပညာရေးနှင့် ပက်သက်၍ ပညာဒါနသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးနှင့် အခြေခံကွန်ပျူတာသင်တန်း Speaking သင်တန်း ဖွင့်လှစ်ပေးနိုင်ရေး အဓိကထား ဆွေးနွေးတင်ပြခဲ့ကြရာ ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့် ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ကော်မတီဝင်များ ပါတီအား စိတ်ဝင်စားသူလူငယ်အချို့တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။