ချယ်လ်ဆီးက ထွက်ခွာခဲ့ရလို့ ဝမ်းနည်းခဲ့တဲ့ တူချယ်

ရာသီအစမှာ ခြေစွမ်းညံ့နေချိန် ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက်မှာ သူ့အနေနဲ့ ဝမ်းနည်းပက်လက် ဖြစ်သွားခဲ့တယ်လို့ သောမတ်စ် တူချယ် က ပြောပါတယ်။ချန်ပီယံလိဂ် အစပွဲမှာ ချယ်လ်ဆီး က ဒိုင်နမိုဇာဂရက် ကို ၁-၀  ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ၄၉ နှစ်အရွယ် တူချယ် က ဗုဒ္ဒဟူးနေ့က ထုတ်ပယ်ခံခဲ့ရတာပါ။

“ ဒါဟာ ကျွန်တော် ရေးသားခဲ့သမျှထဲမှာ အခက်ခဲဆုံး ထုတ်ပြန်ချက်ဖြစ်ပါတယ်။ နောင်နှစ်တွေ အများကြီးမှာ ဒီလို မရေးရဘူးလို့လည်း မျှော်လင့်ပါတယ်။ ချယ်လ်ဆီးမှာ ကျွန်တော့် အချိန်တွေ အဆုံးသတ်ရောက်သွားတာ တကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ တကယ်တော့ ချယ်လ်ဆီးက အလုပ်အရရော  ပုဂ္ဂိုလ်ရေး အရရော ကျွန်တော့်အိမ်လို ခံစားခဲ့ရတဲ့ နေရာပါ။ အသင်းကို ချန်ပီယံလိဂ်ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလား ရအောင် ကူညီပေးနိုင်ခဲ့တဲ့ ပျော်ရွှင်မှုနဲ့ ဂုဏ်ယူဝမ်းမြောက်မှုကလည်း ကျွန်တော်နဲ့အတူ အမြဲတမ်းရှိနေမှာပါ။” လို့ တူချယ် က ပြောကြားပြီး ချယ်လ်ဆီး အသင်းရဲ့ သမိုင်းမှာ တစ်စိတ် တစ်ပိုင်း ပါဝင်ခွင့်ရလို့ ဂုဏ်ယူကြောင်း သူက ဆက်ပြောပါတယ်။

တူချယ် က ၂၀၂၁ ဇန်နဝါရီ မှာ ချယ်လ်ဆီးကို ရောက်လာပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားရယူခဲ့ပါတယ်။တူချယ် ကို ထုတ်ပယ်ပြီးနောက်တစ်ရက်မှာပဲ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ့တာကို နည်းပြသစ်အဖြစ် ခန့်အပ်တယ်လို့ ချယ်လ်ဆီး က ထုတ်ပြန်ခဲ့ပါတယ်။