ဂျပန်ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင် ဝန်ကြီး ၇ ဦးကို ထုတ်ပယ်

ဂျပန်ဝန်ကြီးချုပ် ဖုမိအို ခိရှိဒါဟာ သြဂုတ် ၁၀ ရက်မှာ ဝန်ကြီး ၇ ယောက်ကို ထုတ်ပယ်လိုက်ပြီး  သူ့အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ လက်ရှိအာဏာရပါတီနဲ့ ပြန်လည်ပေါင်းစည်းရေးဘုရားကျောင်းကြားက ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အများပြည်သူက ဒေါသထွက်နေချိန်မှာ ခုလို အပြောင်းအလဲ လုပ်ခဲ့တာပါ။

အစိုးရရဲ့ အဓိကအဖွဲ့ဝင်တွေဖြစ်တဲ့ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေကို ဆက်ထားပေမဲ့ ဘုရားကျောင်းနဲ့ ပတ်သက်နေတဲ့ ဝန်ကြီး ၇ ယောက်ကိုတော့ အစိုးရအဖွဲ့ထဲကနေ ထုတ်ပယ်ခဲ့ပါတယ်။

ထုတ်ပယ်ခံထဲမှာ ရှင်ဇိုအာဘေးရဲ့ ညီငယ်ဖြစ်သူ ကာကွယ်ရေးဝန်ကြီး နိုဘုအိုခိရှိလည်း ပါဝင်ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ခိရှိဒါက “ကျနော်တို့မှာ အခြေခံဥပဒေပါ ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားဖို့လိုတယ်။ ဒါပေမဲ့ ဘာသာရေးအုပ်စုတွေဟာလည်း လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ်လို့ ဥပဒေကို လိုက်နာဖို့လိုတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဘုရားကျောင်းဟာ ပါတီရဲ့ မူဝါဒအပေါ် မသက်ရောက်နိုင်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

လစ်ဘရယ် ဒီမိုကရက်ပါတီဟာ ဘုရားကျောင်းနဲ့ ကာလကြာရှည် ပတ်သက်ခဲ့တာပါ။ ဒီဘုရားကျောင်းကို ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဂိုဏ်းတခုအဖြစ် ဝေဖန်သူတွေက ခေါ်ဝေါ်ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရပြီး လပိုင်းအတွင်း လက်ရှိဝန်ကြီးချုပ် ခိရှိဒါအတွက် ဒီကိစ္စဟာ အကြီးစား ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ပါတယ်။ အောက်တိုဘာမှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ခိရှိဒါအတွက် အဆင့်သတ်မှတ်ချက်ဟာလည်း အောက်ဆုံးအထိ ကျဆင်းခဲ့ပါတယ်။

အာဘေးကို သတ်ခဲ့တယ်လို့ သံသယရှိသူကလည်း သူ့မိခင်ဟာ ဒီဘုရားကျောင်းရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပြီး ဘုရားကျောင်းကြောင့် မွဲပြာကျခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ အာဘေးကိုလည်း ဒီဘုရားကျောင်းကို ထောက်ခံသူအဖြစ် အပြစ်တင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ၁၉၅၀ ပြည့်လွန်နှစ်တွေက တည်ထောင်ခဲ့တဲ့ ဒီဘုရားကျောင်းဟာ အစုလိုက် အပြုံလိုက် လက်ထပ်ပွဲတွေကြောင့် ထင်ရှားပြီး ရန်ပုံငွေမြှင့်တင်ပုံနဲ့ တခြားကိစ္စတွေကြောင့် ဝေဖန်တာ ခံနေရပါတယ်။

LDP ပါတီက နိုင်ငံရေးသမား အယောက် တဒါဇင်လောက်က ဘုရားကျောင်းနဲ့ ပတ်သက်နေလို့ စစ်အေးခေတ်က ဆက်ဆံရေးအထိ နောက်ကြောင်းတွေကို ဆွေးနွေးပွဲတွေမှာ ပြန်အစဖော်ခဲ့ကြပါတယ်။ dvb