မလေးရှားရောက် တရားမဝင် မြန်မာ အလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ကာဂျမ်းမြိုရှိ တိုက်ခန်းများတွင် တရားမဝင် နေထိုင်နေသည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ဩဂုတ် ၉ ရက် နံနက်အစောပိုင်းက မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရားမဝင် အလုပ်သမားများနေထိုင်နေကြောင်း သတင်းပေးချက်အရ အော်ပရာစီစီမံချက်ဖြင့် လူနေ အဆောက်အအုံ ခြောက်ခုတွင် နေထိုင်နေသည့် နိုင်ငံခြားသား ၄၂၅ဦးကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကာ သော့ပိတ်ထားသည့် အခန်းများကို ထုရိုက်ဖွင့်ပြီး ရှာဖွေမှုများ လုပ်ခဲ့ကြောင်း၊ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၁၅ ဦး အပါအဝင် နိုင်ငံခြားသား ၁၇၅ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၁၁၅ ဦး၊ အင်ဒိုနီးရှား ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ ဦး၊ နီပေါ ကိုးဦး၊ သီရိလင်္ကာလေးဦးနှင့် အိန္ဒိယနိုင်ငံသား တစ်ဦးတို့ ပါဝင်ကြောင်း၊ ဖမ်းဆီးခံရသူများသည် ဗီဇာသက်တမ်းကုန်ဆုံးသူများနှင့် အလုပ်အကိုင်ပါမစ် သက်တမ်းကုန်ဆုံးနေသူများဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံချက်မှ တရားမဝင်နေထိုင်နေသူ နိုင်ငံခြားသား အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၄၁ ဦးနှင့် ကလေးနှစ်ဦးတိုကို ဖမ်းမိခဲ့ပြီး ဖမ်းဆီးခံရသူများမှာ အသက်နှစ်နှစ်မှ (၅၅)နှစ်အရွယ်အထိရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အလုပ်အကိုင်ပါမစ်အသစ်လုပ်ရန်အတွက် မလေးရှားရင်းဂစ် ၈၀၀၀ မွ ၉၀၀၀ ကြား ကျသင့်ခြင်းကြောင့် လုပ်ရန်အဆင်မပြေသူ များပြားကြောင်း၊ ၎င်းစီမံချက်ဖြင့် ဖမ်းဆီးခံရသူများကို စမန္နရီ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းထားပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေများအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။

မလေးရှား အစိုးရအနေဖြင့် ၂၀၂၂ နှစ် မေ ၃၀ ရက်အထိ တရားမဝင်နေထိုင်နေသည့် နိုင်ငံခြားသားများကို နေရပ်ပြန်ရန် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တရားမဝင်အလုပ်သမားများကို ရှာဖွေစစ်ဆေးဖမ်းဆီးမှုများ အရှိန်အဟုန်ဖြင့် ပြုလုပ်နေကြောင်း သိရသည်။ sdtimedaily